ချပ်သင်းတိုက်နယ်အတွင်း တိုက်ပွဲ ၄ ရက်ဆက်ဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးရှိနေ

ချပ်သင်းတိုက်နယ်အတွင်း တိုက်ပွဲ ၄ ရက်ဆက်ဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးရှိနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာရှိ စစ်ကောင်စီနဲ့ပျူစခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ ၄ ရက်ဆက်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီလောက်ကစတင်ပြီး ချပ်သင်းကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို စတင်တိုက်ခိုက်ရာမှ ဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့မနက် ၉ နာရီလောက်အထိ ချပ်သင်း၊ ပင့်သာ၊ လိပ်တူ၊ ကိုင်းတော၊ အင်ကြင်းစု စတဲ့ကျေးရွာတွေအနီးမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်နေတာလို့ ဆိုပါတယ်။ 

"ချပ်သင်းက ပျူရွာကို တိုက်ရာကနေ တိုက်ပွဲစဖြစ်ခဲ့တယ်။ အခြားရွာတွေမှာ ဖြစ်တာကတော့ ချပ်သင်းဘက် စစ်ကူလာတဲ့စစ်ကြောင်းတွေနဲ့ ဖြစ်တာ။ စကစဘက်လည်း လေကြောင်းတော်တော်သုံးပြီး လာပစ်တာရှိတယ်။ ကျမတို့ဘက်တော့ လေကြောင်းလာရင် တိုက်ပွဲရပ်လိုက်တယ်။ ပြန်သွားရင် ထပ်တိုက်တယ်"လို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဥ်၊ တိုက်လေယာဥ်တွေအသုံးပြုပြီး ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတာ၊ စက်လတ်နဲ့ပစ်ခတ်တာတွေလုပ်သလို ပေကုန်းရွာရှိ စစ်ကောင်စီ တပ်တွေကနေ ဟောင်ဝစ်ဇာအမြောက်တွေနဲ့ ပစ်ကူပေးတယ်လို့ ဆိုပါတယ်။ 

ဒီမနက် ၈ နာရီလောက်မှာလည်း အင်ကြင်းစုကျေးရွာအနီးရှိ စစ်သားနဲ့ပျူစောထီးတွေ တပ်စွဲထားတဲ့ နေရာကို PDF ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ၂ ကြိမ် ဗုံးလာကြဲခဲ့သလို ကန့်ဘလူ ၆၀၀၆ တပ်ကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုတွေအတွင်း ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ၃ ဦးသေဆုံးထားပြီး ၁၀ ဦးခန့် ဒဏ်ရာရထားကာ စစ်ကောင်စီဘက်ကလည်း ၂ ဦးသေဆုံးပြီး နောက်ဆုံးတွဲအခြေအနေတွေကို မသိရသေးဘူးလို့ ဒေါင်းရာဇာချပ်သင်းအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

တိုက်ပွဲကြောင့် ချပ်သင်း၊ အင်ကြင်းစု၊ လိပ်တူ၊ ဇီးကုန်း၊ ကံကြီး၊ ပုဏ္ဏားကြီး၊ ပုဏ္ဏငယ်၊ ဦးကင်းကြည်၊ ချပ်လယ်၊ ပိတောက်ပင်၊ နဂါးပေါ်၊ အုပ်ခင်း၊ ပင့်သာကြီး၊ လှဲပွဲစတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ လောက်က ဒေသခံ ၁ သောင်းကျော် ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ချပ်သင်းတိုက်နယ် #တိုက်ပွဲ #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10