ချီပါတောင်ရွာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဒေသခံ ၁ ဦးကို စစ်တပ်က သတ်ပြီး နေအိမ်တွေက ပစ္စည်းတွေ သိမ်းယူ

ချီပါတောင်ရွာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဒေသခံ ၁ ဦးကို စစ်တပ်က သတ်ပြီး နေအိမ်တွေက ပစ္စည်းတွေ သိမ်းယူ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတောင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်တပ်ဟာ ကျေးရွာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရွာခံ ၁ ဦးကိုသတ်ပြီး လူမှုကူညီရေးအသင်းပိုင် ထော်လာဂျီ ၁ စီးနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၂၁ ရက်က ချီပါတောင်ရွာအနီး ပတ်ဝန်းကျင်တွေကို စစ်ဆေးတာတွေလုပ်ခဲ့ပြီး သြဂုတ်လ ၂၂ ရက် မနေ့ကတော့ အထက်ပါ ၃ ဦးကိုသတ်ကာ ချီပါတောင်ကျေးရွာက လူမှုကူညီရေးအသင်းပိုင် ထော်လာဂျီ ၁ စီးကိုယူပြီး ပြည်သူပိုင်နေအိမ်တွေက ပစ္စည်းတချို့ကိုတင်ဆောင် ပြန်ထွက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အသတ်ခံရတဲ့သူတွေက ချီပါတောင်ရွာသားတွေပါ။ မိုင်းကွင်းတွေကိုပါ လိုက်ပြခိုင်းပြီး သူတို့ရွာထဲက ပြန်အထွက်မှာ သတ်သွားတယ်"လို့ ဒေသခံတဦးက ဆိုပါတယ်။

အသတ်ခံရသူတွေဟာ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ သာမန်အရပ်သား ၁ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ အလောင်းတွေကိုတော့ စစ်ကောင်စီတပ်တွေ ရွာထဲကထွက်သွားမှ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

သြဂုတ်လ ၂၀ ရက် နံနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက ချီပါမြောက်ရွာကို ဝင်လာပြီးနောက် ဒေသခံ ၁၀၀ လောက်ကို ဖမ်းဆီးခဲ့ပြီး ချီပါတောင်ရွာနဲ့ မြောက်ရွာ၊ ၂ ရွာလုံးကို ဆက်တိုက်မွှေနှောက် ရှာဖွေတာတွေလုပ်ခဲ့ပါတယ်။

"အဲဒီနေ့က ချီပါတောင်ရွာ စာသင်ကျောင်းထဲမှာ လက်လုပ်သေနတ်တချို့နဲ့ PDF ယူနီဖောင်းတွေကို သိမ်းဆည်းမိသွားပြီး စာသင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်" လို့ ဒေသခံတဦး က ပြောပါတယ်။

မနေ့မနက်ပိုင်းက မြို့ထဲပြန်ဝင်သွားတဲ့စစ်တပ်က ချီပါကျေးရွာအနီးထိ ကား ၂ စီးနဲ့ ပြန်ထွက်လာတဲ့အတွက် မနေ့ညနေပိုင်းကအထိ ဒေသခံတွေ ရှောင်တိမ်းနေကြဆဲဖြစ်တယ်လို့ လည်း သိရပါတယ်။

ချီပါကျေးရွာဟာ မကြာခဏ စစ်တပ်က ဝင်ရောက်မွှေနှောက်နေတဲ့ ကျေးရွာဖြစ်ပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာတော့ လက်နက်ကိုင်လူတစုက ဓားပြတိုက် ပစ္စည်းလုယက်ခဲ့တဲ့အပြင် ချီပါမြောက်ရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ချီပါ #ပလဖ #စစ်ကောင်စီ #နှိပ်စက်သတ်ဖြတ် #ပစ္စည်းခိုးယူ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10