ချေမှုန်းရေးတာဝန် ထမ်းဆောင်နေတဲ့ LGBT ရဲဘော် (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ တောကျီးကန်းစစ်ကြောင်း Seven Ravens Column မှာ LGBT ရဲဘော်တွေလည်းပါဝင်ပြီး အမျိုးသမီးကနေ အမျိုးသားအဖြစ် လိင်စိတ်ပြောင်းလဲခံယူထားတဲ့ ကိုနိုင်းကတော့ ချေမှုန်းရေးတာဝန်ကို ထမ်းဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော် ကိုနိုင်းဟာ အာဏာမသိမ်းခင်က ဆိုင်ကယ်အပိုပစ္စည်းနဲ့ ဆိုင်ကယ်အရောင်းဆိုင်၊ စတော်ဘယ်ရီ ကိုယ်တိုင်စိုက်ပျိုးကာ ဝိုင်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေသူ တယောက်ပါ။

စစ်တပ်က မတရားအာဏာသိမ်းကာ ပြည်သူလူထုကို ပစ်ခတ်ဖြိုခွင်းလာတဲ့ နောက်ပိုင်းမှာတော့ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၂ ဇွန်လမှာ စစ်သင်တန်းတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် ရဲဘော်အဖြစ် တာဝန်ထမ်းနေတဲ့ ၂နှစ်တာကာလ အတွင်းမှာလည်း သူ့ရဲ့ လိင်စိတ်ခံယူမှုအပေါ်  ကဲ့ရဲ့တာတွေ၊ နှိမ်တာတွေ ရှိခဲ့ပေမယ့် အားလုံးကို လျစ်လျူရှုကာ တော်လှန်ရေးအတွက်ကိုပဲတွေးပြီး ကျော်ဖြတ်ခဲ့တယ်လို့ ကိုနိုင်းက သူ့ရဲ့ စိတ်ပြင်ဆင်မှုကို ပြောပြပါတယ်။

ရဲဘော် ကိုနိုင်းရဲ့ လိင်စိတ်ခံယူမှုအပေါ်  မိသားစုကလည်း သဘောမကျပေမယ့် ကန့်ကွက်တဲ့ထိတော့ မလုပ်ခဲ့ကြဘဲ ငယ်စဥ်ကထဲက အမျိုးသားတဦိးလိုပဲ နေထိုင်ပြုမူခဲ့သူဖြစ်ပါတယ်။

ရဲဘော်မဖြစ်ခင်ကတည်းက အမျိုးသားတဦးလို နေထိုင်ခဲ့တဲ့ သူ့ရဲ့ပုံစံကြောင့် တပ်ဖွဲ့ထဲရောက်ချိန်မှာတော့ အခက်ခဲ ကြီးကြီးမားမား မကြုံခဲ့ရပေမယ့် စခန်းအပြောင်းအရွှေ့လုပ်ရတဲ့ ကာလတွေမှာ ဓမ္မတာလာရင်တော့ အနည်းငယ်ခက်ခဲပြီး အဲဒီအခက်ခဲတွေနဲ့ အမြန်ဆုံးအသားကျအောင် ကြိုးစားပြီး ကျော်လွှားတတ်တယ်လို့ သူကပြောပါတယ်။

စစ်အာဏာရှင်နဲ့ စနစ်ဆိုးတွေကို တွန်းလှန်နေတဲ့ တော်လှန်ရေး အသိုင်းဝိုင်းထဲမှာလည်း လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံတာတွေ ကြုံတွေ့နေကြဆဲပဲဖြစ်တာကြောင့် LGBTတွေအပေါ်  ခွဲခြားတာတွေ၊ နှိမ်တာတွေ မလုပ်ကြစေချင်ဘူးလို့ သူ့ဆန္ဒကို ပြောပြပါတယ်။

ရဲဘော် ကိုနိုင်း တာဝန်ထမ်းဆောင်နေတဲ့ တောကျီးကန်း စစ်ကြောင်းဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDFတပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း စတဲ့ဒေသတွေမှာ စစ်ရေးလှုပ်ရှားနေကြတာဖြစ်ပြီး ၁ နှစ်အတွင်း စစ်ကောင်စီဘက်က အရာရှိနဲ့ တပ်သား ၁၀၀ကျော််ကို ရှင်းလင်းထားနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

တော်လှန်ရေး ကာလတလျှောက် စိတ်ဓာတ်ကျတာတွေ စိတ်အားငယ်တာတွေ အကြိမ်ကြိမ်ရှိခဲ့ပေမယ့် လက်လျော့မသွားဘဲ တိုက်ပွဲဝင်နေဆဲဖြစ်ကာ တော်လှန်ရေး အောင်မြင်သွားခဲ့ရင် LGBT တွေအနေနဲ့ ဖြစ်တည်မှုအတိုင်း လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့်နဲ့ LGBTတွေအတွက် ကောင်းမွန်တဲ့ ဥပဒေတွေ ပေါ်ပေါက်လာဖို့လည်း သူကမျှော်မှန်းထားပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #LGBT #တောကျီးကန်းစစ်ကြောင်း #ကိုနိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10