ချောက်ဒေသမှာ လုပ်သားရှားပါးလာလို့ စိုက်ပျိူးဧကတွေ လျှော့ချလုပ်ကိုင်လာကြ

ချောက်ဒေသမှာ လုပ်သားရှားပါးလာလို့ စိုက်ပျိူးဧကတွေ လျှော့ချလုပ်ကိုင်လာကြ

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ တနှစ်ထက်တနှစ် လုပ်သားရှားပါးလို့ စိုက်ပျိူးဧကတွေ လျှော့ချလုပ်ကိုင်လာကြတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။

ချောက်ဒေသကို စစ်ကောင်စီတပ်ဖွဲ့တွေက မကြာခဏ စစ်ကြောင်းထိုးတာတွေလုပ်ဆောင်လို့ ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီး နီးစပ်ရာမြို့တွေကို ပြောင်းရွှေ့နေထိုင်ကြတာကြောင့် အလုပ်သမားရှားပါးမှုကို ကြုံနေရတာလို့ ဆိုပါတယ်။

" အခုက တနေ့တသောင်းခွဲပေးမယ်လို့ ခေါ်တာတောင် ရချင်မှရတာ။ နောက်ပိတ်ဆုံးတော့ ကိုယ်ဟာကို တနိုင်တပိုင်ကိုယ်တိုင် လုပ်နေရတယ်။ ကျနော်တို့ဆိုပုံမှန်က ဆယ်ဧကလောက် လုပ်တယ်။ အခုဆို ငါးဧကလောက်ဘဲလုပ်တော့တယ်။ ဘာလို့ဆို အလုပ်သမားရှားတာနဲ့ ကုန်စျေးနှုန်းကြီးတာတွေကြောင့်ပါ" လို့ နရွဲတောရွာခံတောင်သူတဦးက ပြောပါတယ်။

တိုက်ပွဲနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် မကြာခဏထွက်ပြေးနေရလို့ တချို့တောင်သူတွေမှာလည်း  လုံးဝမစိုက်ပျိုးနိုင်တာ၊ ဧကလျော့ချစိုက်ပျိုးလာတာတွေလည်းရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီအာဏာမသိမ်းခင်က ယာခင်းအတွင်းလုပ်ကိုင်တဲ့ နေ့စားအလုပ်သမား ၁ ဦးကို နေ့စားခ ကျပ် ၅,၀၀၀ သာပေးရပြီး လက်ရှိမှာ နေ့စားခ ကျပ် ၁၅,၀၀၀ ပေးဆောင်ခေါ်ယူပေမယ့် လုပ်မယ့်သူရှားပါနေတယ်လို့ ဆိုပါတယ်။

ဒါအပြင် တောင်သူတွေမှာ အာဏာသိမ်း နောက်ဆက်တွဲပြဿနာတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့ မျိုးစေ့၊ မြေဩဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဆေး၊ လုပ်အားခ စတဲ့ သွင်းအားစု စျေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အာဏာမသိမ်းခင်က မြေပဲတဧကစိုက်ပျိုးကုန်ကျစရိတ်ဟာ ကျပ် ၂ သိန်း ဝန်းကျင်ခန့်သာရှိခဲ့ရာမှ ယခုနှစ်အတွင်းမှာတော့ ကျပ် ၅ သိန်းကျော်ဝန်းကျင်ထိကုန်ကျလာတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒါ့အပြင် ရာသီဥတုအခြေအနေကြောင့် အထွက်နှုန်းမကောင်းတာ၊ တိုက်ပွဲတွေကြောင့် ဒေသထွက်သီးနှံတွေကို အချိန်မှီမစိုက်ပျိုး၊ မရိတ်သိမ်းနိုင်တာ၊ မရောင်းချနိုင်တာတွေအပြင် စျေးကောင်းမရတာတွေကြောင့် နှစ်စဉ်အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အတွင်းက တိုက်ပွဲတွေနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရလို့ စိုက်ပျိုးထားပြီး မြေပဲနဲ့ ပဲတီစိမ်းတွေကို မရိတ်သိမ်းနိုင်ဘဲ ဆုံးရှုံးခံခဲ့ရတယ်လို့ ဆိုပါတယ်။

"တနှစ်မှ တသီးစားဘဲစိုက်တာတောင် ခဲရာခဲဆစ်လုပ်စားနေရတာ။ ခုလိုစစ်ဘေးတွေနဲ့ ဆိုတော့ စားဝတ်နေရေးကတော်တော်မလွယ်ဘူး။ ခုဟာက ကိုယ်လုပ်တာတောင် ကိုယ်မစားရဘူး ဟိုပြေးရဒီပြေးရ ဆိုတော့"လို့ အဆိုပါတောင်သူက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ချောက်မြို့နယ် ကျေးရွာတွေဘက်က ပြည်သူတွေကမကြာခဏ စစ်ရှောင်နေရပြီး နရွဲတောကျေးရွာက ဒေသခံတွေမှာ အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ထွက်ပြေးနေရတာ အကြိမ်ရေ ၃၀ ထက်မနည်းရှိပြီလို့ ခန့်မှန်းပြောဆိုပါတယ်။

ချောက်ဒေသမှာ စိုက်ဧက ၇၀,၀၀၀ ကျော်ရှိပြီး အဲဒီထဲကမှ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ ပဲအမျိုးမျိုးကို စိုက်ဧက ၆၀,၀၀၀ ဝန်းကျင်ခန့် စိုက်ပျိုးလေ့ရှိကာ ကျန်ဧကတွေမှာတော့ ဝါနဲ့ မိုးစပါး၊ အခြားသီးနှံတွေ စိုက်ပျိုးတယ်လို့ စစ်ကောင်စီလက်အောက် ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ချောက် #စိုက်ပျိူးရေး #လုပ်သား #ရှားပါး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10