ချောက်မြို့လယ်ခေါင်ရှိ မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင်

ချောက်မြို့လယ်ခေါင်ရှိ မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင်

မကွေးတိုင်း၊ ချောက်မြို့ မြို့မရဲစခန်းရှိ ဘန်ကာထဲက စစ်သားတွေကို ယနေ့စက်တင်ဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲကျော်ခန့်က လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) အဖွဲ့ဆီက သိရပါတယ်။

ချောက်မြို့၊ မြို့လယ်ခေါင်မှာရှိတဲ့ ရဲစခန်းရှေ့မှာ ကာရံထားတဲ့ ဘန်ကာ ၃ ခုကြားကို လက်ပစ်ဗုံးနဲ့ ပစ်သွင်းခဲ့သလို သေနတ်နဲ့လည်း ၃ ချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ရဲစခန်းရှေ့တည့်တည့်ကနေပြီးတော့ ဘန်ကာအတွင်းထဲကို လက်ပစ်ဗုံး ၁ လုံးသွင်းတိုက်ခိုက်ခဲ့တာ၊ ဂိတ်တဲစခန်းရှေ့မှာက ဘန်ကာ ၃ ခုရှိတယ်၊ အဲ့ဒီ ၃ ခုကြားထဲမှာ ဗုံးကတည့်တည့်ကျပြီးတော့ ပေါက်ကွဲတာ၊ ဘန်ကာ ၃ ခုထဲမှာက စစ်**တွေပဲ လုံခြုံရေးယူတာ၊ ဗုံးပေါက်ကွဲသွားပြီး ကျနော်တို့ကို သေနတ်နဲ့ပစ်တယ်၊ ကျနော်တို့ကလည်း သေနတ်နဲ့ ၃ ချက်ပစ်ပြီး လွတ်ရာကိုပြန်လည်တိမ်းရှောင်နိုင်ခဲ့တယ်" လို့ Chauk Guerrilla Force(C.G.F)  ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။

ပစ်ခတ်ခဲ့တဲ့ လက်ပစ်ဗုံးဟာ ပေါက်ကွဲအားပြင်းတဲ့အတွက် ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ ဆိုပါတယ်။

လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး ကာကွယ်ရေးအဖွဲ့တွေကို စစ်အုပ်စုက သခင်ဖိုးလှကြီးပန်းခြံအနားအထိ သေနတ်နဲ့ လိုက်ပစ်တာကြောင့် ဈေးသူဈေးသားတွေ ပြေးလွှားနေရကာ ဘောလုံးကွင်းလမ်း၊ ရေနံစက်ရုံလမ်း၊ အေးစေတီလမ်းဆုံတို့ကို ပိတ်ထားပြီး အစစ်အဆေးတွေလုပ်နေတယ်လို့ သိရပါတယ်။

ချောက်မြို့မရဲစခန်း ဘန်ကာ ၁ ခုထဲမှာတင် စစ်သား ၃ ဦးခန့်ရှိပြီး ဘန်ကာနောက်က ရဲဂိတ်ကင်းတဲစခန်းမှာ ၅ ဦးလောက်ရှိကာ စက်လတ်ဆင်ထားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကို Chauk Guerrilla Force(C.G.F) ၊Myaing People Defense Force မြိုင် ပကဖ နဲ့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့တို့ကပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တက်ဘာ ၁၈ ရက်ကလည်း အခွန်အခတွေတိုးကောက်နေတဲ့ ချောက်မြို့ စည်ပင်သာယာရုံးကို Chauk Guerrilla Force(C.G.F) အဖွဲ့က လက်ပစ်ဗုံးနဲ့ပစ်ပြီးဖောက်ခွဲ့လို့ ဦးစီးမှူးကားပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မြို့မရဲစခန်း #လက်ပစ်ဗုံးပစ်ခတ်တိုက်ခိုက်ခံရ #ချောက် #မကွေးတိုင်း #ဘန်ကာ #စစ်ကောင်စီ #ပကဖ #ဒေသကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10