သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ရွာမကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ချောက်ဒေသအခြေပြုလှုပ်ရှားနေတဲ့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ အပါ ၃ ဦးကျဆုံးကာ ၇ ဦး ပြင်းထန်ဒဏ်ရာခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
အောက်တိုဘာ ၂၇ ရက် မနေ့မနက် ၉ နာရီခန့်မှာ နရွဲတောရွာဘက်ကနေ ရွာမီးရှို့ပြီးထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့က ရွာမကျေးရွာကိုဝင်ရောက်လာချိန် တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“ပဲစဉ်းငုံခင်းတွေထဲဖြတ်ပြီး ရွာမကိုရောက်လာမှာ မျက်နှာချင်းဆိုင် ဘက်တယ်(တိုက်ပွဲ)ဖြစ်တာ။ သူတို့က သာလွန်အင်အားဆိုတော့ ကျနော်တို့ဘက်က နောက်ဆုတ်ပေးလိုက်ရတယ်။" လို့ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ဘဏ္ဍာရေးနဲ့သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ကိုကျော်ထိုက်က မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပေတနဲ့ ရဲဘော် အောင်လေး ၊ ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၁ ဦး စုစုပေါင်း ၃ ဦး ကျဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကာ သေနတ် ၁ လက် လည်း ဆုံးရှုံးခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ရုပ်အလောင်းတွေကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မနက် ပိုင်းအထိ မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
ရွာမကျေးရွာမှာတိုက်ပွဲဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊စက်သေနတ်နဲ့ ပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့ပြီး နရွဲတောရွာနဲ့ ရွာမရွာကို စစ်ကြောင်းက မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
မီးရှို့ခံရလို့ နရွဲတောရွာနဲ့ ရွာမက ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးမှုတွေရှိခဲ့ပေမယ့် အသေးစိတ်အခြေအနေတွေကို မသိရသေးဘဲ မီးရှို့ခံရတဲ့အထဲ နရွဲတောရွာရှိ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းပါသွားကာ အရေးကြီးစာရွက်စာတမ်းတွေ မီးလောင်ပျက်စီးသွားသလို ကမ်းပိန်းပြုလုပ်ထားတဲ့(စူပါဖို့)ဆိုင်ကယ်ကိုလည်း စစ်ကောင်စီတပ်က ယူဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ချောက်နယ်တိုက်ပွဲတွေမှာ တပ်ဖွဲ့ခေါင်းဆောင် ကိုပေတ ကျဆုံးတဲ့ဖြစ်စဉ်ကို ဖော်ပြထားတာမတွေ့ရဘဲ ရဲဘော် ၂ ဦး ကျဆုံးတာကိုသာ ဖော်ပြထားပြီး အဲ့ဒီကျဆုံးရဲဘော် ၂ ဦးကို တပ်ဖွဲ့ဘက်က အတည်ပြုထားပါတယ်။
ဒါ့အပြင် ကိုပေတရဲ့ဖုန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက သိမ်းဆည်းရမိသွားတာကြောင့် သူနဲ့ပတ်သက်ဆက်သွယ်ထားသူတွေ သတိထားကြဖို့လိုတယ်လို့ တာဝန်ခံကိုကျော်ထိုက်က ပြောပါတယ်။
" ကိုပေတရဲ့ဖုန်းကို သူတို့ရသွားတာဆိုတော့ သူရဲ့ facebook အကောင့်ကနေ သူတို့သုံးပြီးတော့ အလှူရှင်တွေကို ဒုက္ခပေးမှာကြောက်ရတယ်။ အလှူရှင်တွေကိုအသိပေးဖို့က လိုင်းမကောင်းတဲ့ အခြေအနေ ရှိနေလို့ပါ။" လို့ ၎င်းက ဆက်ပြောပါတယ်။
အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတနဲ့ ရဲဘော် အောင်လေးတို့ ၂ ဦး တိုက်ပွဲကျဆုံးခဲ့ပေမယ့် ကျန်ရှိနေသောအဖွဲ့သားတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်ချေမှုန်းတိုက်ခိုက်သွားမှာဖြစ်တယ်လို့ ကိုကျော်ထိုက်က ပြည်သူတွေထံက ထပ်လောင်းအသိပေးပြောပါတယ်။
တိုက်ပွဲတွေဖြစ်နေတာနဲ့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့နေတာကြောင့် ရွာမ၊ နရွဲတော၊ ကတိုင်တောင် သရက်ပင်၊ ကူဖြူ၊ ကံကြီးကုန်း၊ ကတိုင်မြောက်ကျေးရွာတွေက ဒေသခံ ၄,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၂၅ ရက်ကတည်းက ချောက်မြို့ဘက်ကနေ အင်အား ၆၀၀ ကျော်ခန့်နဲ့ စစ်ကြောင်း ၅ ကြောင်းခွဲကာ ကုန်းကြီး၊ ဂွေးပင်စတဲ့ပျူရွာဘက်ခြမ်းကနေ စတင်ဝင်လာရောက်တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၅ ရက်မနက် ၉ နာရီခန့်ကစပြီး စစ်ကောင်စီစစ်ကြောင်းတချို့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကတိုင်မြောက်၊ ကတိုင်တောင်၊ နရဲတောကျေးရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့သေးပြီး တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က မိုင်းထိလို့ ၁ ဦးသေဆုံးထားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #ချောက် #တိုက်ပွဲ #ရဲဘော် #ကျဆုံး
Share Share Share