ချောက်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး PDF ၁ ဦးသေ၊ စစ်အုပ်စုဘက်က သေဆုံးသူများဟုဆို

ချောက်မှာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး PDF ၁ ဦးသေ၊ စစ်အုပ်စုဘက်က သေဆုံးသူများဟုဆို

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ နိုဝင်ဘာ ၂၀ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့တယ်လို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်းဆီက သိရပါတယ်။ 

ခလရ ၁၃၊ ခလရ ၇၇ နဲ့ ဝါဇီတပ်က စစ်ကောင်စီတပ်တွေ ပူးပေါင်းအင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ နိုဝင်ဘာ ၂၀ ရက်၊ ၃၀ ရက်နဲ့ ဒီဇင်ဘာ ၁ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း ဗိုလ်စံသျှားက ပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက် မနက် ၅ နာရီခွဲလောက်မှာ ကြန့်ကန်ရွာအနီး ထိတွေ့တိုက်ပွဲ ၁ ကြိမ်၊ နိုဝင်ဘာ ၃၀ ရက် နေ့လယ် ၁၁ နာရီလောက်မှာ နရွဲတောရွာအနီး ထိတွေ့တိုက်ပွဲ ၁ ကြိမ်၊ ဒီဇင်ဘာ ၁ ရက် နရွဲတောရွာအနီးမှာ ထိတွေ့တိုက်ပွဲ ၁ ကြိမ် ဖြစ်ခဲ့ပြီး အဲ့ဒီနေ့မှာပဲ စစ်ကောင်စီဘက်က စစ်ကူလာတဲ့ကားကို နရွဲတောရွာနဲ့ ထိန်စမ်းရွာအကြားမှာ ကာကွယ်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် ၁၈ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး မကွေးခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ ဗိုလ်စံသျှားက ပြောပါတယ်။ 

“အရာရှိ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးပြီးတော့ ၇ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ မြေပြင်သတင်းတွေအရ သိရတယ်၊ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်” လို့ ဗိုလ်စံသျှားက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ မကွေးခရိုင် ဒုတိုက်ခိုက်ရေးအဖွဲ့၊ ချောက် ပကဖ၊ Chauk Guerrilla Force (CGF)၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့နဲ့ Chauk Revolution Army - ရေနံမြေအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

တိုက်ပွဲဖြစ်တဲ့အတွက် ချောက်မြို့နယ်ထဲက ကတိုင်၊ ထိန်စမ်း၊ နရွဲတောနဲ့ ကြန့်ကန်ရွာက ဒေသခံ ၅၀၀ လောက် ဘေးလွတ်ရာထွက်ပြေးနေရပြီး အဲ့ဒီထဲက ဒေသခံအချို့ကိုလည်း စစ်သားတွေက ဖမ်းဆီးသွားတာတွေ ရှိတယ်လို့ သိရပါတယ်။ 

ပုံစာ - ဒီဇင်ဘာ ၁ ရက်က စစ်ကူလာတဲ့ကားကို မိုင်းဆွဲတိုက်ခိုက်စဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ချောက် #ထိတွေ့တိုက်ပွဲ #စစ်ကောင်စီ #ကာကွယ်ရေးတပ် #ထိတွေ့မှု #မိုင်းဆွဲမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10