ချောက်မှာ ပျူစောထီးတွေက ဒေသခံတွေကို ဖမ်းဆီး၊ လုယက်တာတွေပါလုပ်နေ

ချောက်မှာ ပျူစောထီးတွေက ဒေသခံတွေကို ဖမ်းဆီး၊ လုယက်တာတွေပါလုပ်နေ

မကွေးတိုင်း၊ ချောက်မြို့နယ်က ကျေးရွာအချို့မှာ ပျူစောထီးတွေက ဆက်ကြေးကောက်နေတဲ့အပြင် ဒေသခံတွေကိုဖမ်းဆီး၊ လုယက်တာတွေနဲ့ နေအိမ်မီးရှို့တာတွေပါ လုပ်လာတယ်လို့ ချောက်မြို့ ဒေသခံတဦးက ပြောပါတယ်။ 

ကုန်းကြီးရွာအုပ်ချုပ်ရေးမှူး ကျော်လင်းနဲ့ အိုင်ကြီးကျေးရွာအုပ်ချုပ်ရေးမှုး ဌေးမြင့်အောင်တို့ ဟာ စစ်ကောင်စီအကူအညီနဲ့ ပျူစောထီးတပ်ဖွဲ့ ဖွဲ့ပြီး ကုန်းကြီးရွာ၊ ကျေးနီလမ်းခွဲမှာ လမ်းသွားလမ်းလာတိုင်းဆီက တဦးကို ငွေကျပ် ၅၀၀၀ ဆက်ကြေးကောက်နေတာလို့ ဆိုပါတယ်။ 

အဲ့ဒီလမ်းဟာ ညောင်ဇင်၊ ရွာမ၊ ကံတိုင်၊ ကံသစ်ကုန်း၊ ဂွေးပင်ကြီး၊ ဂွေးပင်လေး၊ တုံရွာစတဲ့ကျေးရွာ ၁၅ ရွာကျော်လောက် အသွားအလာလုပ်နေတဲ့လမ်းဖြစ်ပြီး ဒေသခံတွေအနေနဲ့ ချောက်မြို့ကို လာရင်လည်း အဓိကအသုံးပြုရတဲ့လမ်းဖြစ်သလို လက်ရှိမှာတော့ ဒေသခံတွေဟာ အဲ့ဒီလမ်းပေါ်က ဖြတ်သွားဖို့ကို စိုးရိမ်နေကြရပါတယ်။ 

အဲ့ဒီပျူစောထီးတပ်ဖွဲ့ကို အခုနှစ်ဖေဖော်ဝါရီလောက်က စတင်ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကောင်စီကလည်း လက်နက်ထောက်ပံ့ပေးထားတယ်လို့ Chauk Guerrilla Force (C.G.F) တာဝန်ခံ ကိုဘကွန်းက ပြောပါတယ်။

"ကုန်းကြီးရွာဆိုရင် ပျူရွာလုံးလုံးဖြစ်သွားပြီ။ သူတို့က စခ၊ ရခတွေနဲ့ပေါင်းပြီးတော့ ပျူသင်တန်းတွေ ဆင်းတယ်။ ကုန်းကြီးရွာမှာကိုပဲ စခ၊ ရခတွေက အထိုင်ချပြီးတော့ သူတို့ကို လက်နက်ပါချပေးထားတယ်လို့ သိရတယ်။ ခရီးသွား၊ လမ်းသွားပြည်သူတွေကို စစ်ဆေးတာတွေလုပ်တယ်။ သူတို့ မထင်ရင် မထင်သလိုဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းတာရှိတယ်။ ပြီးရင် ရွာတွေကိုဝင်နှောက်မွှေပြီး စစ်ချင်တဲ့ အိမ်တွေကိုစစ်တယ်"လို့ ကိုဘကွန်းက ပြောပါတယ်။ 

ဇွန်လ ၃ ရက်ကလည်း အဲ့ဒီပျူစောထီးတပ်ဖွဲ့ဟာ ကံတိုင်နဲ့ နရွဲတောရွာထဲကို ဝင်ရောက်ကာ ကံတိုင်ရွာက ဒေသခံ ၃ ဦးနဲ့ နရွဲတောရွာက ၁ ဦးကိုဖမ်းဆီးပြီး ကုန်းကြီးရွာထဲကို ခေါ်ဆောင်သွားပြီးနောက် ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ ၅ ရက်ကလည်း နရွဲတောရွာကို ထပ်မံဝင်ရောက်ကာ နေအိမ်တွေဖျက်ဆီးပြီး ပစ္စည်းတွေလည်း ယူသွားတယ်လို့ ချောက်မြို့ခံတဦးက ပြောပါတယ်။ 

"၅ ရက်နေ့တုန်းက နရွဲတောရွာထဲကိုဝင်ပြီး ဆန်တွေဆီတွေယူသွားတယ်။ အိမ်တွေလည်း ဖျက်ဆီး သွားလို့ အိမ် ၂ လုံးပျက်စီးတယ်။ ပြီးတော့ ဆိုင်ကယ် ၆ စီးကိုလည်းယူသွားကြတယ်။” လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ အဆိုပါပျူစောထီးအဖွဲ့ဟာ သူတို့အထိုင်ချနေတဲ့ ကုန်းကြီးကျေးရွာ အနီးဝန်းကျင်က ကျေးရွာတွေကိုပါ မကြာခဏစစ်ကြောင်းထိုးနေပြီး စားနပ်ရိက္ခာတွေကိုလည်း လုယူတာတွေ လုပ်လာတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်မှုထမ်းဖို့အတွက် တရွာကို လူ ၁၀ ဦးပေးဖို့ တောင်းနေပြီး မပေးရင်ပေါ်တာဆွဲမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် ဒေသခံ လူငယ်တွေလည်း ရွာထဲမှာမနေရဲတော့ဘဲ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

ပုံစာ - ကန့်ဘလူမြို့နယ်မှ ပျူစောထီးများနှင့် ဦးဝါသဝ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ချောက် #စစ်ကောင်စီ #ပျူစောထီး #ဒေသခံဖမ်းဆီး #ဆက်ကြေးကောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10