ချောက်မှာ အင်အားရာကျော်ပါစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ရေးအခြေအနေ တင်းမာနေ       ■ တိုက်ပွဲအတွင်း ပျူစောထီး ၁ ဦးသေဆုံးပြီး လေကြောင်းနဲ့လည်း ပစ်ကူပေးခဲ့

ချောက်မှာ အင်အားရာကျော်ပါစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ရေးအခြေအနေ တင်းမာနေ    ■ တိုက်ပွဲအတွင်း ပျူစောထီး ၁ ဦးသေဆုံးပြီး လေကြောင်းနဲ့လည်း ပစ်ကူပေးခဲ့

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကတိုင်မြောက်၊ ကတိုင်တောင်၊ နရွဲတောကျေးရွာတွေအနီးကို စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေက စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ အာဠာဝကပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

စုစုပေါင်း အင်အား ၆၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်း ၅ ကြောင်းက အောက်တိုဘ ၂၅ ရက်မှာ ချောက်မြို့နယ်ထဲကို တပ်ဖြန့်ဝင်ရောက်လာခဲ့ပြီး အဲ့ဒီထဲကနေ ကတိုင်မြောက်၊ ကတိုင်တောင်၊ နရဲတော ကျေးရွာတွေ အနီးကိုရောက်လာတဲ့ စစ်ကြောင်းနဲ့ မနက် ၉ နာရီလောက်ကနေ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

"စစ်ကောင်စီစစ်ကြောင်းက ကုန်းကြီး၊ စလယ်၊ ဂွေပင်ကနေ စစ်ကြောင်းညှပ်ထိုးတယ်။ မနေ့က ဂွေးပင်ဘက်က ကင်းကပေါက်ပြီး ကင်းကဝင်လာတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်နေတာ။"လို့ အာဠာဝကစစ်ကြောင်းတာဝန်ခံ ဗိုလ်ပေတ က ပြောပါတယ်။

ကုန်းကြီးရွာဘက်ကဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာအပြင်ဘက်မှာ တော်လှန်ရေးအဖွဲ့တွေထောင်ထားတဲ့မိုင်းထိပြီး ပျူစောထီး ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကံကြီးကုန်းနဲ့ ကတိုင်မြောက်ကြားမှာလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဘက်က တိုက်လေယာဥ် ၁ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

"လေယာဥ် ၁ ခေါက်လာတာကို အသီး ၂ လုံးချတယ်။ စက်လတ် ၂ ခါ ဆွဲသွားသေးတယ်။"လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က လေယာဥ်နဲ့ဗုံးလာကြဲချိန် ကတိုင်မြောက်ကျေးရွာက နေအိမ် ၃ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက် ဒီမနက် ၁၂ နာရီခန့်မှာလည်း ကတိုင်တောင်နဲ့ နရွဲတောကျေးရွာကြား ပဲစဉ်းငုံခင်းတွေမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့တွေက တိုက်ပွဲကြောင့်ထွက်ပြေးနေတဲ့ ဒေသခံတွေကို PDF အထင်နဲ့ လိုက်လံပစ်ခတ်ခဲ့ပြီး ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူးလို့ ဗိုလ်ပေတ က ပြောပါတယ်။ 

အဲ့ဒီနောက် စစ်ကောင်စီစစ်ကြောင်းက ရှေ့ဆက်တိုးလာချိန် ကတိုင်တောင်နဲ့ နရွဲရွာကြားမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲတွေကြောင့် ကံကြီးကုန်း၊ ကတိုင်တောင်၊ ကတိုင်မြောက်၊ နရွဲကျေးရွာတွေက ဒေသခံ ၄၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ တိုက်ပွဲငြိမ်နေပေမယ့် စစ်ကောင်စီစစ်ကြောင်းကလည်း မြို့နယ်အတွင်းရှိနေတာကြောင့် စစ်ရေးတင်းမာပြီး တိုက်ပွဲထပ်ဖြစ်လာနိုင်တယ်လို့လည်း အာဠာဝကစစ်ကြောင်းတာဝန်ခံ ဗိုလ်ပေတ က ပြောပါတယ်။ 

ဩဂုတ် ၁၀ ရက်ကလည်း ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာက အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး ၂ ဦး ဒဏ်ရာရကာ ကားနဲ့လက်နက်အချို့ကို တော်လှန်ရေးအဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီ စစ်ကြောင်းအား တွေ့ရစဉ်။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ချောက် #စစ်ကောင်စီ #စစ်ကြောင်းထိုး #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10