ချောက်မှာ ဧပြီလအပူချိန် ၄၇.၄ ဒီဂရီဆဲလ်စီးယပ်နဲ့ အမြင့်ဆုံးစံချိန်သစ်တင်ခဲ့

ချောက်မှာ ဧပြီလအပူချိန် ၄၇.၄ ဒီဂရီဆဲလ်စီးယပ်နဲ့ အမြင့်ဆုံးစံချိန်သစ်တင်ခဲ့

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်မှာ ဧပြီလ၏အမြင့်ဆုံးအပူချိန် ၄၇.၄ ဒီဂရီဆဲလ်စီးယပ်အထိရောက်ရှိခဲ့ပြီး ၄၆ နှစ်အတွင်း စံချိန်သစ်တင်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက် မိုးဇလဌာနက ဧပြီ ၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၆ ရက် ချောက်မြို့နယ်အတွင်း အပူချိန်ဟာ  ၄၇.၄ ဒီဂရီဆဲလ်စီးယပ်အထိရှိနေပြီး ယခင်ဧပြီလအမြင့်ဆုံးအပူချိန်မှာ ၁၉၇၈ ဧပြီလအတွင်းက စံချိန်တင်ထားတဲ့ ၄၇.၀ ဒီဂရီဆဲလ်စီးယပ်အထိသာရှိလို့ အခုအပူချိန်ဟာ စံချိန်သစ်တင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချောက်မြို့ရဲ့ အမြင့်ဆုံးအပူချိန်ကတော့ ၂၀၂၀ ပြည်နှစ် ၊ မေလ က ဖြစ်ပြီး အပူချိန် ၄၈ ဒီဂရီဆဲလ်စီးယပ် ရှိခဲ့တာပါ။

ချောက်မြို့နဲ့အနီးတဝိုက်မြို့တွေမှာ အပူချိန်မြင့်တက်နေလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ပြင်းထန်တဲ့လေ့ကျင့်မှုတွေ ခေတ္တရပ်နားထားတယ်လို့ ချောက်မြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

"ခုတလောအပူချိန်မြင့်လို့ ကျနော်တို့အဖွဲ့တွေတောင် လေ့ကျင့်ရေးနဲ့ စစ်ဆင်ရေးလုပ်ငန်းအချို့ ရပ်နားထားရတယ်။ ရဲဘော်တွေကိုလည်း အပူဒဏ်နဲ့ပတ်သက်ပြီး သိရှိလိုက်နာရမှာတွေကို ပြောပြပြီး နေထိုင်ခိုင်းရတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အပူဒဏ်ကြောင့် မိုင်းအပါအဝင်၊ ခဲယမ်းတွေ မတော်တဆဖြစ်ပြီးပေါက်ကွဲပျက်စီးမှုမရှိအောင် ယခင်ထက်ပိုမိုဂရုပြုသိုလှောင်ထားရှိရတဲ့အပြင် ရဲဘော်တွေအတွက် ဓာတ်ဆား၊ သောက်သုံးရေတွေပိုရဖို့ ခက်ခက်ခဲခဲဆောင်ရွက်နေကြရတယ်လို့ဆိုပါတယ်။

မြင့်တက်နေတဲ့ အပူချိန်ကြောင့် အပူရှပ်တာ၊ သတိလစ်တာ၊ ရေဓာတ်ခန်းခြောက်တာတွေနဲ့ အသက်သေဆုံးတဲ့အခြေနေထိ ဖြစ်နိုင်တာကြောင့် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှရှောင်ကျဉ်သင့်တယ်လို့ သူက အကြံပြုပါတယ်။

ကျေးလက်ဒေသတွေမှာလည်း အပူဒဏ်မြင့်တက်လို့ ရေတွင်းရေကန်တွေခမ်းခြောက်လို့ သောက်သုံးရေအတွက်အခက်အခဲတွေဖြစ်နေသလို အသက်ကြီးပိုင်းတွေမှာ အပူဒဏ်ကြောင့် မောပန်းတာ၊ ရေငတ်တာ၊ ချွေးထွက်များတာတွေရှိနေကြတယ်လို့ သိရပါတယ်။

ချောက်မြို့ပေါ်မှာလည်း ဧပြီ ၇ ရက်နဲ့ ၈ ရက် မနက်ပိုင်းမှာ အသက် ၅၅ နှစ်ကနေ ၉၀ ကြား လူ ၆ ဦးသေဆုံးထားပြီး အပူဒဏ်ကြောင့် သေဆုံးသူတချို့လည်း ပါဝင်တယ်လို့ ဒေသခံအချို့ထံက သိရပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်းနဲ့ မန္တလေးတိုင်းဟာ ပူပြင်းတဲ့နွေရာသီကာလ မတ်၊ ဧပြီနဲ့ မေလတွေမှာ အပူဒဏ်မြင့်မားမှုနဲ့ သောက်သုံးရေရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပုံစာ - နွေဦးကာလ ရေစတင်ခမ်းခြောက်လာသည့် ချောက်မြို့နယ်၊ ဂွေးချိုကန်အတွင်း ဖြတ်သန်းသွားနေသည့် ဒေသခံမိသားစု။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ချောက် #အပူချိန် #မြင့်တက်မှု #စံချိန်သစ်တင် #ပူးပြင်းခြောက်သွေ့ #နွေရာသီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10