ချောင်ဦးမြို့ပေါ်က နေအိမ်တွေကို PDF တွေမီးရှို့တာလို့ ပြည်သူတွေကိုပြောခိုင်းပြီး စစ်ကောင်စီက မှတ်တမ်းယူခဲ့

ချောင်ဦးမြို့ပေါ်က နေအိမ်တွေကို PDF တွေမီးရှို့တာလို့ ပြည်သူတွေကိုပြောခိုင်းပြီး စစ်ကောင်စီက မှတ်တမ်းယူခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ ရန်အောင်မြေရပ်ကွက်က နေရာ ၃ ခုကို စစ်ကောင်စီတပ်သားတွေက မီးရှို့ပြီးနောက် PDF တွေ မီးရှို့တာဆိုပြီး ဒေသခံပြည်သူတွေကို အတင်းအဓမ္မပြောခိုင်းကာ ဗွီဒီယို မှတ်တမ်းရိုက်ယူခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၁ ရက် မနေ့ည ၇ နာရီကျော်မှာ ရန်အောင်မြေရပ်ကွက်ထဲရှိ အရပ်ခေါ် (ပွဲရပ်၊ မြေနန်းရပ်၊ ဝင်းရပ်) စတဲ့နေရာတွေက လူနေအိမ်တွေကို စစ်ကောင်စီကမီးရှို့ခဲ့ပြီးနောက် မေလ ၁၂ ရက် ဒီမနက်ပိုင်းမှာ လမ်းသွား၊ လမ်းလာပြည်သူတွေနဲ့ ရပ်ကွက်နေပြည်သူတွေကို ဖမ်းခေါ်ကာ PDF မီးရှို့တာဆိုပြီး ပြောဆိုခိုင်းခဲ့တာဖြစ်တယ်လို့ ချောင်းဦး PDF မှ ရဲဘော်တဦးက ပြောပါတယ်။


“ဒီနေ့မနက်ရောက်တော့ မိမိတို့အိမ်မီးရှို့ထဲပါသွားလား ဆိုပြီး ရပ်ကွက်ထဲကို ဝင်ကြည့်ကြတဲ့သူတွေနဲ့ လမ်းသွားနေကြတဲ့ ယောက်ျားရော၊ မိန်းကလေးရော ဖမ်းပြီးတော့ "PDFတွေကပဲရှို့တာပါ"ဆိုပြီးတော့ အော်ခိုင်းတယ်။ ပြီးတော့ ဗွီဒီယိုရိုက်တယ်ဗျ"လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရန်အောင်မြေရပ်ကွက်ကို မီးရှို့နေတဲ့အချိန်မှာ တမြို့လုံးကို အင်အားတွေဖြန့်ထားပြီး၊ ရပ်ကွက်တွေရဲ့ ချောင်ကြို၊ချောင်ကြားပါမကျန် စစ်သားအင်အားကို ဖြန့်ထားခဲ့တဲ့အပြင် သေနတ်တွေလည်း ပစ်ခတ်ခဲ့ပြီး “ထွက်ရဲတဲ့ကောင် ထွက်ခဲ့” ဆိုပြီးလည်း အော်ဟစ်တာတွေ လုပ်ခဲ့တယ်လို့ အထက်ပါရဲဘော်က ပြောပြပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်း ပြာကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူ မေလ ၁၁ ရက်ည ၇ နာရီကျော်မှာလည်း ချောင်းဦးမြို့နဲ့ ၃ မိုင်ခန့်အကွာ အိမ်ခြေ ၁၀၀၀ ခန့်ရှိတဲ့ ငါးယှန်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ဝင်ရောက်ပြီး လူနေအိမ် ၂၀၀ ခန့်ကို မီးရှို့ခဲ့ရာ ပစ်ခတ်ခဲ့မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသားတဦးပါ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - ချောင်းဦးမြို့ပေါ်ရပ်ကွက် နေအိမ်တွေကို စစ်ကောင်စီက မေလ ၁၁ ရက်နေ့ညမှာ မီးရှို့ခဲ့စဉ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10