ချောင်းဦးကရွာတွေစီးနင်းခံရမှု တော်လှန်ရေးရဲဘော် ၃ ဦး၊ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၉ ဦးထက်မနည်းသေဆုံး

ချောင်းဦးကရွာတွေစီးနင်းခံရမှု တော်လှန်ရေးရဲဘော် ၃ ဦး၊ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၉ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ ရက် နေ့လယ်က လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေးရဲဘော် ၃ ဦး အပါအဝင် ၉ ဦးထက်မနည်း သေဆုံးမှုရှိတယ်လို့ PDF သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့နေ့လယ် ၂ နာရီခန့်မှာ မန်ကျည်းခွကျေးရွာနဲ့ အနီးတဝိုက်ကို တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့သလို သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်တဲ့ စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်က စစ်ကြောင်းထိုးစဉ် မန်ကျည်းခွနဲ့ မင်းတည်ရွာအကြားမှာ ထိပ်တိုက်တွေ့ပြီး PDF ၃ ဦး အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“ မနေ့ကရဟတ်ယာဉ်နဲ့လာပို့တဲ့ စစ်ကြောင်းနဲ့တွေ့ပြီး ပစ်သတ်ခံလိုက်ရတာ။ AK တလက်လည်း ပါသွားတယ် “ လို့ ချောင်းဦးPDF တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကိုင်းခရိုင်တပ်ရင်း ၄ မြောင်အထူးတပ်ဖွဲ့(MSPDF) ပြန်ကြားရေးတာဝန်ရှိသူကတော့ ယမန့်နေ့ စစ် ကောင်စီစစ်ကြောင်းထိုးတိုက်ခိုက်မှုအတွင်း PDF ရဲဘော် ၃ ဦး သေဆုံးခဲ့သလို မင်းတည်ကျေးရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။

"ဂျပန်သွားဖို့ သင်တန်းတက်ပြီးပြန်လာတဲ့ ကောင်မလေး။ စစ်ကြောင်းနဲ့တည့်တည့်တိုးပြီး အသတ်ခံလိုက်ရတာ" လို့ MSPDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ရဟတ်ယာဉ်နဲ့လာရောက်ပို့ဆောင်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းပစ်ခတ်ခဲ့တဲ့ မန်ကျည်းခွရွာ အပါအဝင် တဆက်တည်းမှာရှိတဲ့ မင်းတည်နဲ့ မင်းခေါင်ရွာတွေကို စီးနင်းတပ်စွဲထားပြီး တအိမ်တက်ဆင်း ဖမ်းဆီးစစ်ဆေးနေကာ ရွာတွေထဲမှာ ဒေသခံ ၃ ပုံ ၁ ပုံခန့် ပိတ်မိနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်ကကျေးရွာတွေကို စီးနင်းထားမှုအတွင်း အရပ်သားသေဆုံးမှု ၆ ဦး အထိရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောဆိုထားပြီး အရပ်သားသေဆုံးမှုတွေနဲ့ ပတ်သက်လို့ မင်းတည်ရွာက ၁၈ နှစ်အရွယ်အမျိုးသမီးတဦးကိုသာသိရသေးပြီး ကျန်တဲ့ အသေးစိတ်အခြေအနေတွေ မသိရသေးပါဘူး။ 

“ မနေ့ကဖြစ်စဉ်သေဆုံးစာရင်းက လောဆယ်သိထားရသလောက် ရဲဘော် ၃ယောက်နဲ့ ကျန်တာက ပြည်သူ ၆ ယောက် အားလုံး ၉ ယောက်လို့သိထားတယ်။ ထပ်တိုးလည်း ရှိနိုင်တယ်" လို့ မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ (CDSOM) ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။

လက်ရှိအချိန်အထိ အဲ့ဒီရွာတွေကို  စစ်ကောင်စီတပ်ကစီးနင်းစစ်ကြောင်းထိုးကာ ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နယ်မြေရှင်းလင်းရေးမလုပ်နိုင်သေးလို့ သေဆုံးမှုတွေကို အတိအကျမသိရသေးပေမယ့် ယခုအရေအတွက်ထက်များပြားနိုင်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #စစ်ကောင်စီတပ် #တိုက်ခိုက်မှု #PDF #အရပ်သား #သေဆုံး #လေကြောင်းပစ်ခတ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10