သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ချောင်းဦးမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို တပြိုင်တည်း လေကြောင်းကဗုံးကြဲတဲ့အပြင် မြေပြင်ကလည်း စစ်ကြောင်းထိုးပစ်ခတ်လို့ ၁၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲက ချောင်းမနဲ့ နွယ်ခွေကျေးရွာတို့ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အခုလို တိုက်ခိုက်ခံခဲ့ရတာပါ။
ချောင်းမကျေးရွာကို ချောင်းဦးမြို့အထွက် မြပုလဲစစ်ကောင်စီဂိတ်က လက်နက်ကြီး ၉ လုံးပစ်ခတ်ခဲ့ပြီးနောက် ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးချကာ ခဏအကြာမှာ စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၄ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် ၂ နာရီခန့်အကြာမှာ မြပုလဲဂိတ်ကနေ နွယ်ခွေကျေးရွာဘက်ကို လက်နက်ကြီး ၆ လုံးပစ်ခတ်ပြီးနောက် စက်တပ်လေထီးနဲ့ ဗုံး ၃ လုံးချကာ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းက ကျေးရွာထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
"ဂျက်ဖိုက်တာမချခင်ကို မြပုလဲကနေ လက်နက်ကြီး ၉ လုံးထုတယ်။ ဂျက်ဖိုက်တာချသွားပြီးတော့ ပါရာမိုတာ ၂ စီးနဲ့လာချတယ်။ ချောင်းမကို။ ပါရာမိုတာပြန်သွားပြီးတော့ နွယ်ခွေကိုလည်း မြပုလဲကနေ စစ်ကြောင်းထွက်လာပြီးတော့ ရွာနားမရောက်ခင် လက်နက်ကြီးနဲ့ထုတာ။ ပြီးမှ ရွာကိုဝင်မွှေပြီး ညပိုင်းပြန်ထွက်သွားတာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ချောင်းမကျေးရွာကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ချတဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးက ကျေးရွာထဲကိုကျပြီး လသားကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား၊ အမျိူးသမီး ၉ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
နွယ်ခွေကျေးရွာကိုတော့ ပါရာမိုတာကနေ ဗုံးသီးတွေချချိန် ရွာခံအမျိုးသား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရပြီး စစ်ကြောင်းက ဝင်ရောက်ပစ်ခတ်ချိန် နွယ်ခွေကျေးရွာပကဖအဖွဲ့ဝင် ၁ ဦး၊ ရွာသား ၁ ဦး သေဆုံးကာ ရွာခံအမျိုးသား ၁ ဦးလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ကျေးရွာတွေထဲက နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးထားပြီး နယ်မြေရှင်းလင်းရေးသောချာမဝင်ရသေးတာကြောင့် သေဆုံးဒဏ်ရာသူတွေရဲ့ အမည်၊ အသက်တွေကို ကောက်ယူနိုင်တာမရှိသေးဘူးလို့ သိရပါတယ်။
ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေရှိနေတာကြောင့် ထပ်မံသေဆုံးနိုင်ဖွယ်ရှိနေသေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးပစ်ခတ်တာတွေပြုလုပ်ခဲ့တဲ့ ချောင်းမရွာနဲ့ နွယ်ခွေကျေးရွာက ချောင်းဦးမြို့နဲ့ နီးကပ်တဲ့ကျေးရွာတွေဖြစ်ပြီး တရွာနဲ့တရွာ ၁ မိုင်ကျော်ခန့်သာဝေးတယ်လို့ ဆိုပါတယ်။
ကျေးရွာ ၂ ရွာကို စစ်ကောင်စီဘက်က တိုက်ခိုက်ချိန် ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတာမျိုးမရှိဘဲ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်အချို့လောက်သာ ကျေးရွာဝန်းကျင်တွေမှာရှိနေတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လေကြောင်းနဲ့မြေပြင်ထိုးစစ်တွေကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိတဲ့ချောင်းမကျေးရွာနဲ့ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ နွယ်ခွေရွာက ဒေသခံ ၃,၀၀၀ ခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာလည်း မြပုလဲဂိတ်ဘက်ကနေ အဲ့ဒီ ကျေးရွာ ၂ ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေသေးတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက မြပုလဲစစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသား ၂ ဦး သေဆုံးပြီး ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးထိခိုက် ဒဏ်ရာရ ရှိခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း- ဈာန်မြင့်
#မြေလတ်အသံ
#ချောင်းဦး #လေကြောင်းတိုက်ခိုက် #ဗုံးကြဲ #ပါရာမိုတာ #စစ်ရှောင်
Share Share Share