ချောင်းဦးတိုက်ပွဲမှာ စစ်သား ၃ ဦးသေဆုံး၊ ရဟက်ယာဥ်နဲ့ပစ်ခတ်လို့ ဒေသခံနေအိမ်တွေပျက်စီး

ချောင်းဦးတိုက်ပွဲမှာ စစ်သား ၃ ဦးသေဆုံး၊ ရဟက်ယာဥ်နဲ့ပစ်ခတ်လို့ ဒေသခံနေအိမ်တွေပျက်စီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ဇူလိုင်လ ၂၃ ရက် ဒီမနက် ၉ နာရီကျော်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်တပ်စွဲစခန်းချထားတဲ့ ကံကြီးကုန်းကျေးရွာအနီးဝန်းကျင်ကို ချောင်းဦးပကဖ အဖွဲ့ဝင်တွေက နယ်မြေတိုးချဲ့ထိန်းချုပ်ဖို့ ဆောင်ရွက်နေချိန် စစ်ကောင်စီကင်းအဖွဲ့ နဲ့ ၅ မိနစ်ဝန်းကျင် ထိတွေ့မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

"ကျနော်တို့မျက်မြင်မှာပဲ စကစဘက်က ၃ ယောက် နေရာတင်ပွဲချင်းပြီး(သေ)တယ်။ ၈ ယောက်လောက် ဒဏ်ရာပြင်းတယ်"လို့ ချောင်းဦးမြို့နယ်ပကဖမှ သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် နေ့လယ် ၁၂ နာရီကျော်မှာ မုံရွာ နမခ ဘက်ကလာတဲ့ Mi -35 ရဟတ်ယာဥ် တစီးက ကံကြီးကုန်းကျေးရွာနဲ့ ၁ မိုင်ခန့်ဝေးတဲ့ ရွှေလှေကျေးရွာကို ၁၅ မိနစ်ကြာပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကြောင့် ရွှေလှေကျေးရွာက လူနေအိမ် ၂ လုံးနဲ့ ဘုန်းတော်ကြီးကျောင်းတို့ ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ အထက်ပါသတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီအဖွဲ့တွေက ကံကြီးကုန်းကျေးရွာမှာပဲ အထိုင်ချတပ်စွဲနေပြီး စစ်ရေး အခြေအနေကတော့ ငြိမ်နေသေးတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက် နေ့လယ်ပိုင်းကလည်း ချောင်းဦးမြို့နယ်၊ ချောင်းဦး-မုံရွာ ကားလမ်းဘေးရှိ နတ်ရေကန်စစ်ကောင်စီဂိတ်ကို ချောင်းဦးမြို့နယ်ပကဖ နဲ့ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #စစ်ကောင်စီ #တိုက်ခိုက် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10