ချောင်းဦးတိုက်ပွဲမှာ သေဆုံးမှုများခဲ့တဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၁ ဦးဆုံးပြီး ၃ ဦး ဒဏ်ရာရ

ချောင်းဦးတိုက်ပွဲမှာ သေဆုံးမှုများခဲ့တဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၁ ဦးဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း(ပျူ)ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို PDF ပူးပေါင်းအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး သေဆုံးမှုများခဲ့တာကြောင့် လက်နက်ကြီးပစ်ခတ်မှုတွေကို လုပ်ခဲ့တာလို့ ချောင်းဦး PDF မြေပြင်တိုက်ခိုက်ရေးရဲဘော်တဦးဆီ ကသိရပါတယ်။

 

လက်နက်ကြီးနဲ့ ပစ်ခတ်မှုမပြုလုပ်ခင် ယမန့်နေ ဇူလိုင် ၅ ရက် မနက် ၄ နာရီအချိန်မှာ သုံးပန်လှကျေးရွာနဲ့ မိုင်ဝက်လောက်သာဝေးတဲ့ ကံကြီးကုန်း(ပျူ)ရွာစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၂၀ ဦးကျော်သေဆုံးပြီး PDF ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

"တိုက်ပွဲအတွင်း အရှင်မိတာတွေရှိတယ်။ အသေလောင်းတွေလည်း တွေ့တယ်။အကုန်လုံးစကစ၊ ပျူ ၂၀ ကျော်တယ်။စခန်းတခုလုံးကို မီးရှို့ခဲ့တယ်။ အာပီဂျီမဖောက်နိုင်တဲ့ ဘန်ကာတခုပဲ ကျန်ခဲ့တယ်။ ကျန်တဲ့စကစနဲ့ပျူတွေက အဲအထဲဝင်ပုန်းနေကြတာ။ အနားကပ်လို့မရအောင်တော့ စက်လတ်နဲ့ပစ်တာပေါ့"လို့ ချောင်းဦး PDFမှ မြေပြင်တိုက်ခိုက်ရေး ရဲဘော်က ပြောပါတယ်။

 

တိုက်ပွဲအပြီး ယင်းနေ့နံနက် ၁၁နာရီကျော်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ သုံးပန်လှကျေးရွာထဲ ကျည်တလုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

 

သေဆုံးသူမှာ ဦးသန်းလွင် ၅၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အသက် ၂၀ ကျော်အရွယ်ရှိ မဒါဒါဝင်း၊ မအိတုံနဲ့ ၃ နှစ်ခွဲအရွယ် မိန်းကလေးငယ်တဦး တို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

 

"စကစတွေက ရွာရဲ့အရှေ့ဘက်တောစပ်ကနေ လက်နက်ကြီးပစ်လိုက်တာ။ အဲ့မှာရွာရဲ့မြောက်ဘက်ကိုကျလို့ အမျိုးသားက ပွဲချင်းပြီးသေတာ ။ ကျန်တဲ့ကလေးပါ ၃ ယောက်ကတော့ ဒဏ်ရာရတာ။ သူတို့ကတော့ ဆွေမျိုးတွေမဟုတ်ကြဘူး" လို့ ချောင်းဦး PDF မှမြေပြင်တိုက်ခိုက်ရေးရဲဘော်က ပြောပါတယ်။

 

သုံးပန်လှကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကတော့ ​ကံကြီးကုန်း(ပျူ) ရွာစခန်းကို တပ်ကူလာတဲ့ မြောင်မြို့နယ်က စစ်ကြောင်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

 

တိုက်ပွဲမှာ ခရိုင်ကွပ်ကဲရေးမှူးရဲ့ညွှန်ကြားမှုနဲ့ PDFပူးပေါင်းတပ်ဖွဲ့တွေက မနက် ၄ နာရီကနေ ၉ နာရီကျော်အထိ တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေ အမြောက်အများသိမ်းဆည်နိုင်ခဲ့ပေမယ့် လက်နက်တွေရဲ့အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့မေလ ၁၁ရက်မှာလည်း နတ်ရေကန်စခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ငါးယှန်ကျေးရွာထဲ လက်နက်ကျရောက် ပေါက်ကွဲခဲ့ရာ အမျိုးသားတဦးပွဲချင်းပြီးသေဆုံးကာ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦး #လက်နက်ကြီးပစ်ခတ်မှု #သေဆုံးထိခိုက်ဒဏ်ရာရ #PDF #စစ်ကောင်စီ #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10