ချောင်းဦးတိုက်ပွဲမှာ PDF ၃ ဦးသေဆုံး၊ ကား ၄ စီးလည်း မီးရှို့ခံရ

ချောင်းဦးတိုက်ပွဲမှာ PDF ၃ ဦးသေဆုံး၊ ကား ၄ စီးလည်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ကွန်မန်ဒိုတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် ၃ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း ဆီက သိရပါတယ်။ 

ဇူလိုင်လ ၅ ရက်မနေ့က မနက် ၇ နာရီ မိနစ် ၂၀ လောက်က စတင်ပြီး အမြင့်ရဲစခန်းက ထွက်လာတဲ့ အင်အား ၃၀ ကျော်ပါစစ်ကြောင်းနဲ့ မဟာမိတ်ကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာပါ။ 

“သူတို့ (စစ်ကောင်စီ) ဆီမှာက G3၊ စက်လက်၊ တွဲလောင်ချာ၊ RPG ၂ လက်၊ ၆၀ မမ လက်နက်ကြီးတွေ ပါတယ်၊ ကွန်မန်ဒိုတပ်နဲ့ ကျနော်တို့ အပြန်အလှန်ပစ်ခတ်ခဲ့တာမှာ ၃ ဦးကတော့ ကျနော်တို့ မျက်မြင်ကိုယ်တွေ့ ပတ်လက်လန်ပြီး လဲသွားတယ်၊ အဲ့ဒီ ၃ ဦးဆွဲထွက်ပြီး နောက်ဆုတ်တဲ့အချိန် သူတို့ထပ်ပြီး မိုင်းမိတယ်” လို့ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ပျံလွှားက ပြောပါတယ်။

နာရီဝက်အကြာတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်းမှ ရဲဘော် ရဲမင်းလွင်နဲ့ ရဲဘော်လူပျိုကြီး၊ Farmers Revolution Force တပ်ရင်း ၈ မှ ရဲဘော် K တို့ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။ 

“ရဲဘော် ရဲမင်းလွင်က နှလုံးကို သေနတ်ကျည်ဆံမှန်ပြီး နှလုံးသွေးပြန်ကြော ပေါက်ပြီး  သွေးထွက်လွန် ကျသွားတာ၊ ရဲ‌ဘော် ကို K ကတော့ ဆီးခုံမှန်ပြီး ကျသွားတာ၊ တပ်သား လူပျိုကြီးကတော့ ဗိုက်ပွင့်သွားတာ” လို့ တပ်ရင်းမှူး ဗိုလ်ပျံလွှားက အတည်ပြု ပြောပါတယ်။

ရဲဘော်တွေရဲ့ အလောင်းတွေကိုတော့ ဇူလိုင်လ ၆ ရက် ဒီမနက်ပိုင်းမှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက တိုက်ပွဲကပြန်ဆုတ်တဲ့အချိန်မှာ PDF တွေအသုံးပြုတဲ့ ကား ၂ စီးနဲ့ ဒေသခံ ကား ၂ စီးကိုလည်း မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။ 

"ကံကြီးကုန်းကို သွားတိုက်ချိန်မှာ ဝယာ(ရွာ)မှာ ကားတွေ ထားခဲ့တာ။ အပြန်ကျတော့ ဝယာမှာ တိုက်ပွဲထပ်ဖြစ်တော့ ကားတွေမယူနိုင်ခဲ့ဘူး။ အဲ့ဒါကို အမြင့်စခန်းဘက်ကနေ လာတဲ့ စကစ အဖွဲ့က တွေ့ပြီး PDF ကားတွေဆိုပြီး အကုန်မီးရှို့သွားတာ။ ဒေသခံ ကား ၂ စီးလည်း ပါသွားတယ်"လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီပစ်ခတ် တိုက်ခိုက်မှုတွေကို Chaung U Revolution Army (CRA)၊ မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း၊ Farmers Revolution Force တပ်ရင်း ၈ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့သလို လက်ရှိအချိန်ထိလည်း အမြင့်ရဲစခန်းအနီး အင်အားဖြန့်ထားတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲအပြီး ဇွန်လ ၆ ရက် ဒီမနက် ၁၁ နာရီကျော်မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ သုံးပန်လှကျေးရွာထဲကို ကျည်တလုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ကံကြီးကုန်းကျေးရွာနဲ့ ဝယာကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့သေးပေမယ့် ပြည်သူထိခိုက်တာတော့ မရှိဘူးလို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #ချောင်းဦး #ထိတွေ့မှု #PDF #သေဆုံး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10