ချောင်းဦး-မုံရွာလမ်းပိုင်းမှာ စစ်တပ်က ဒေသခံ ၅ ဦးကိုဖမ်းပြီး ဓားစာခံလုပ်ထားလို့ PDF က လမ်းပိုင်းယာယီပိတ်

ချောင်းဦး-မုံရွာလမ်းပိုင်းမှာ စစ်တပ်က ဒေသခံ ၅ ဦးကိုဖမ်းပြီး ဓားစာခံလုပ်ထားလို့ PDF က လမ်းပိုင်းယာယီပိတ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ချောင်းဦး-မုံရွာကားလမ်းပိုင်းကို ဇန်နဝါရီ ၁ ရက် ဒီမနက်ကစတင်ပြီး နောက်ထပ်ကြေညာချက်မထုတ်ပြန်မီအချိန်အထိ လမ်းပေါ်သွားလာမှုကိုမပြုလုပ်ကြရန် ယာယီပိတ်လိုက်တယ်လို့ CHU-PDFက ပြောပါတယ်။

ဒီကနေ့မနက် ၈နာရီခန့်မှာ ချောင်းဦးမြို့ပေါ်ကနေ ထွက်ခွာသွားတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာကား ၂ စီးဟာ ခင်မွန်ကျေးရွာအနီးကိုရောက်ရှိနေပြီး ဒေသခံ ၅ ဦးကို ဖမ်းဆီးကာ ဓားစာခံပြုလုပ်နေကြတာကြောင့် အဆိုပါကားလမ်းပိုင်းကို ပိတ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

" ပိတ်ရတဲ့အကြောင်းက ပြည်သူတွေ အဖမ်းမခံရအောင်၊ ဘေးကင်းအောင်အတွက် ယာယီပိတ်ရတာ " လို့ Chaung U People's Defence Forceမှတာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီကား ၂ စီး ချောင်းဦးမြို့ပေါ်ကနေ ထွက်ခွာလာချိန် CHU-PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် နောက်ထပ်စစ်ကောင်စီတပ်သားတွေ ထွက်ခွာလာနေပြီး ရွာခံပြည်သူတွေကို ဖမ်းဆီးမှုတွေလုပ်လာနိုင်တာကြောင့်လည်း အခုလိုလမ်းပိုင်းကို ပိတ်လိုက်ရတာလို့ သူကဆက်ပြောပါတယ်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်၏သားတွေက ခင်မွန်ကျေးရွာအနီးမှာရှိနေသေးတာကြောင့် ဒေသခံတွေအနေနဲ့ ကားလမ်းကိုအသုံးပြုမသွားလာကြဖို့နဲ့ စစ်ရေးအခြေအနေတည်ငြိမ်သွားပြီး လုံးဝစိတ်ချရတဲ့ အနေအထားဖြစ်သွားပါက ကားလမ်းကိုပြန်ဖွင့်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အရင်ကလည်း ဒီလိုပိတ်တာရှိတယ်။ ဒါကိုပြည်သူတွေအနေနဲ့ လိုက်နာမှုရှိကြပါတယ်။ အခုလည်း လိုက်နာကြဖို့ မေတ္တာရပ်ခံပါတယ်"လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

ကားလမ်းပိုင်းကို အခုလိုယာယီပိတ်ထားချိန်အတွင်း ပြည်သူတွေအနေနဲ့ လုံးဝအသုံးမပြုကြဖို့၊ လမ်းပိုင်းမှာသွားလာနေကြတဲ့ မော်တော်ယာဉ်တွေအနေနဲ့လည်း အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာနေရာမှာ ခေတ္တရပ်နားထားကြဖို့ သတိပေးပြောဆိုထားပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #မုံရွာ #လမ်းပိုင်း #ယာယီပိတ် #စစ်ကောင်စီတပ် #ဓားစာခံ #ဖမ်းဆီးမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10