ချောင်းဦးမြို့ပေါ်လမ်းမမှာ ပိုက်ဆံတောင်းရမ်းနေတဲ့စစ်တပ် တိုက်ခိုက်ခံရလို့  ၅ ဦးသေ

ချောင်းဦးမြို့ပေါ်လမ်းမမှာ ပိုက်ဆံတောင်းရမ်းနေတဲ့စစ်တပ် တိုက်ခိုက်ခံရလို့  ၅ ဦးသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က ကားလမ်းမတနေရာမှာ ပိုက်ဆံတောင်းရမ်းနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၈ ရက် မနက် ၇ နာရီကျော်မှာ PDF တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၅ ဦး သေဆုံးတယ်လို့ Farmers Revolution Force (FRF) မုံရွာခရိုင် တပ်ရင်း (၈)က ပြောပါတယ်။

အင်အား ၁၀ ဦးရှိတဲ့ စစ်ကောင်စီတပ်သားတွေက မြို့ထဲမှာရှိတဲ့ သိမ်တော်တံတားအနီးကလမ်းမမှာ လမ်းသွားလမ်းလာပြည်သူတွေဆီက ပိုက်ဆံတောင်းရမ်းဖို့ ရောက်ရှိနေရာယူနေချိန် အသင့်ထောင်ထားတဲ့ မိုင်း ၂ လုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ ပွိုင့်ထဲဝင်တာနဲ့ကို ဆွဲလိုက်တာဖြစ်လို့  ၅ ကောင်က နေရာမှာတင်လဲကျသေသွားတယ်။ ကျန် ၅ ကောင်က ဒဏ်ရာအနည်းငယ်ရပြီးတော့ သေတဲ့ကောင်တွေကို ဆွဲယူပြီးစခန်း ထဲဝင်သွားကြတယ်"လို့ Farmers Revolution Force (FRF) မုံရွာခရိုင် တပ်ရင်း(၈)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာအနည်းငယ်ရရှိသွားတဲ့ စစ်ကောင်စီတပ်သားတွေက အနီးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဒေသခံပြည်သူတွေနဲ့ PDFတွေအထိအခိုက် မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် အခုမိုင်းဆွဲခံရတဲ့စစ်ကောင်စီတပ်သားတွေရဲ့အထိုင်ချစခန်းက သိမ်တော်တံတားနဲ့ နီးနီးလေးဖြစ်တာကြောင့် အဲဒီကစစ်သားတွေဟာ အမြဲတမ်းတမ်းလိုလို လမ်းမပေါ်တက်ပြီးတော့ လမ်းသွားဒေသခံတွေဆီက ပိုက်ဆံတောင်းရမ်းနေကြတာဖြစ်တယ်လို့ Farmers Revolution  Force (FRF) မုံရွာခရိုင် တပ်ရင်း (၈)က ဆိုပါတယ်။

အခုတိုက်ခိုက်မှုကိုတော့ Farmers Revolution  Force (FRF) မုံရွာခရိုင် တပ်ရင်း ၈၊ Chaung U Revolution Army(CRA) မုံရွာခရိုင် တပ်ရင်း ၁၅ တပ်ခွဲ ၂ တပ်စု ၅ မှ အဖြူရောင်စစ်သည်တော် မဟာမိတ်နှစ်ဖွဲ့တို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန် ၄ ရက်မှာလည်း ချောင်းဦး-မြင်းမူ ကားလမ်းမမှာတည်ရှိတဲ့ ချောင်းဦးမြို့လဝကရုံးမှာ ကင်းစောင့်နေကြတဲ့ စစ်ကောင်စီ တပ်သား ၅ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး လက်နက် ၄ လက် ပါရရှိခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း(၈)က မြေလတ်အသံကိုပြောဆိုခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့  #ကားလမ်းမ #ပိုက်ဆံတောင်းရမ်း #စစ်ကောင်စီ  #Farmers Revolution Force (FRF)

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10