ချောင်းဦးမြို့မှာ စစ်ကောင်စီတပ်ရိက္ခာကားယာဥ်တန်း စနိုက်ပါနဲ့ပစ်ခတ်ခံရလို့ ၁ စီးမီးလောင်

ချောင်းဦးမြို့မှာ စစ်ကောင်စီတပ်ရိက္ခာကားယာဥ်တန်း စနိုက်ပါနဲ့ပစ်ခတ်ခံရလို့ ၁ စီးမီးလောင်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်က စစ်ကောင်စီတပ်တွေကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကားယာဥ်တန်း ၁၂ စီးကို သြဂုတ် ၁၄ ရက် ညနေ ၄ နာရီကျော်မှာ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာကြောင့် ၁ စီး မီးလောင်သွားခဲ့တယ်လို့ DELTA FORCE TAUNGTHA ဆီက သိရပါတယ်။

စစ်တပ်ရိက္ခာတင်ကား ၁၂ စီးမှာ မြင်းမူမြို့နယ်၊ ဂွေးကန်တောကျေးရွာကနေ ချောင်းဦးမြို့ကိုလာချိန် မြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ ဂျက်ဖာစက်ရုံအနီးကို အရောက်မှာ မီတာ ၈၀၀ အကွာကနေ တတိယမြောက်အစီးကို စနိုက်ပါတလက်နဲ့ ၃ ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ပထမတချက်ပစ်တဲ့အခါ ကားကထိုးရပ်သွားတယ်။ ဒုတိယတချက်က ဆီတိုင်ဂီကိုသေချာချိန်ပြီးပစ်လိုက်တာ မီးလောင်သွားတယ်။ တစီးလုံးလောင်သွားတာ။ နောက်ဆုံးတချက်ကတော့ အဟန့်အတား အဖြစ်ပစ်ခတ်ပြီးတော့ ပြန်ဆုတ်လာခဲ့တယ်။ ကားမောင်းတဲ့ကောင်သေလား၊ ရှင်လားတော့မသိရဘူး" လို့ DELTA FORCE TAUNGTHA (တောင်သာ PDF) မှ တာဝန်ခံ ကိုဇင်ယော်က မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီ ကားမီးလောင်သွားတာကြောင့် ကျန်ရှိနေတဲ့ ကား ၁၁ စီးမှာ လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်အကြာ ရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် မီးလောင်သွားတဲ့ကားကို ချန်ထားပြီးတော့ ချောင်းဦးမြို့ထဲကို ဝင်သွားခဲ့ကြတယ်လို့ ကိုဇင်ယော်က ဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ DELTA FORCE TAUNGTHA (တောင်သာ PDF) နဲ့ မုန်တိုင်းပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်မှာလည်း ချောင်းဦးမြို့ထဲကနေ ဂျက်ဖာစက်ရုံအနီးကို ကင်းပုန်းဝပ်ဖို့ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား ၃၀ ခန့်က ၁ ဦးကို အထက်ပါကာကွယ်ရေး ၂ ဖွဲ့က စနိုက်ပါနဲ့ ၁ ချက် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ချောင်းဦးမြို့နယ် #ရိက္ခာပို့ #စစ်ကောင်စီ #စနိုက်ပါ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10