ချောင်းဦးမှာ စစ်အုပ်စု မော်တော်ရေယာဥ် ၄ စီးကို PDF တွေတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ချင်းတွင်းမြစ်ထဲမှာသွားလာနေတဲ့ စစ်ကောင်စီမော်တော်ရေယာဥ် ၄ စီးကို အောက်တိုဘာ ၂၁ ရက် မနက်မှာ ရှေ့ထွက်မိုင်းတွေအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် - ၁၂ တပ်ရင်း၊ တပ်ခွဲ - ၃ ) က ပြောပါတယ်။

မော်တော် ၄ စီးဟာ ချောင်းဦးနယ်၊ ကံကြီးကုန်းကျေးရွာရှိ စစ်တပ်စခန်းကနေ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကို ချင်းတွင်းမြစ်အတိုင်းထွက်ခွာလာချိန် ရေလမ်းတနေရာအရောက်မှာ ရှေ့ထွက်မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ၅ မိနစ်ကြာ ပစ်ခတ်ခဲ့တာလို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် - ၁၂ တပ်ရင်း၊ တပ်ခွဲ - ၃) မှ တပ်ခွဲမှူး မိုးကြိုးက ပြောပါတယ်။

အဆိုပါရေယာဥ် ၄ စီးဟာ ကမ်းနဲ့မီတာ ၂၀၀ ကျော်အကွာကနေ သွားလာနေတာဖြစ်တာကြောင့် ရှေ့ထွက်မိုင်းတွေကို အဓိထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိနိုင်ပေမယ့် စစ်ကောင်စီတပ်တွေကို နေရာမရွေး အချိန်မရွေးတိုက်ခိုက်နေပြီး ၎င်းတို့ဟာ လုံခြုံမှုမရှိတော့ဘူးဆိုတာကို သိစေချင်လို့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တပ်ခွဲမှူး မိုးကြိုးက ပြောပါတယ်။

တိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီဘက် မှ ၆၀ မမ၊ စက်လက်တွေသုံးကာပြန်လည် ပစ်ခတ်ခဲ့တာကြောင့် ဆားလင်းကြီးမြို့ နယ် သရက်ကိုင်းကျေးရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခံရပြီးတဲ့နောက် အဲဒီ မော်တော်ရေယာဥ် ၄ စီးဟာ ချောင်းဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီအထိုင်တပ်စခန်းရှိရာ ဆင်ဖြူရှင်တံတားဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ငမိုးရိပ်စစ်ကြောင်း (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း)၊ ရန်ရှင်းဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Chaung U Local Defence Force(CLDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန် ၂၈ ရက်မှာလည်း မုံရွာဆိပ်ကမ်းကနေ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာရှိ စစ်တပ်စခန်းကို လက်နက်၊ ရိက္ခာပို့ဖို့ ထွက်လာတဲ့ စစ်ကောင်စီမော်တော်ရေယာဥ် ၃ စီးကို ချောင်းဦးမြို့နယ်တနေရာအရောက်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ရှေ့ထွက်မိုင်း ၉လုံး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့ရာ မော်တော် ၁ စီးမှာ လက်နက်ကြီးထိမှန်ပြီး ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံတည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချောင်းဦး #ချင်းတွင်းမြစ် #စစ်အုပ်စုမော်တော်ရေယာဥ် #တိုခိုက်ခံရ #လက်နက်ကြီး #ရှေ့ထွက်မိုင်း #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10