ချောင်းဦးမှာ စနိုက်ပါနဲ့ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်သား ၁ ဦးသေ

ချောင်းဦးမှာ စနိုက်ပါနဲ့ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်သား ၁ ဦးသေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့မှာ ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ်လ ၁၁ ရက် မနက် ၁၀ နာရီကျော်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ DELTA FORCE TAUNGTHA က ပြောပါတယ်။

စစ်ကောင်စီတပ်သား ၃၀ လောက်က ချောင်းဦးမြို့အရှေ့ဘက်မှာရှိတဲ့ ဂျက်ဖာစက်ရုံအနီးကို ကင်းပုန်းဝပ်ဖို့ရောက်လာချိန် မီတာ ၇၀၀ (ပေ ၂၀၀၀)အကွာကနေ စနိုက်ပါတလက်နဲ့ တချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"စကစ ၃၀ လောက်မှာ နောက်ဆုံး ၃ ကောင်က ၁ ကောင်ကို ပစ်လိုက်တာ ထိမှန်လဲကျသွားတယ်။ အဲ့တာကို နောက်တကောင်က လည်ဂုတ်ကိုင်ပြီးတော့ ကင်းတဲထဲကို ဒရွက်တိုက်ဆွဲသွားတယ်။ မနေ့က သတင်းရတာတော့ ထိမှန်တဲ့ကောင် သေသွားတယ်လို့ သိရတယ်"လို့  DELTA FORCE TAUNGTHA (တောင်သာ PDF)မှ တာဝန်ခံကိုဇင်ယော်က မြေလတ်အသံကို ပြောပါတယ်။

စနိုက်ပါနဲ့ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ဘေးပတ်ဝန်းကျင်ကို ၅ မိနစ်ခန့်ကြာ တရက်စပ်ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ 

ဒီပစ်ခတ်မှုကိုတော့ DELTA FORCE TAUNGTHA (တောင်သာ PDF)နဲ့ မုန်တိုင်းပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်မှာလည်း ချောင်းဦးမြို့ နယ်၊ ငါးယှန်ကျေးရွာအနီးမှာ မိုင်းရှင်းလင်းနေကြတဲ့ စစ်ကောင်စီ တပ်သားတွေကို တောင်သာ PDF က မီတာ ၁၀၀၀ အကွာကနေ စနိုက်ပါနဲ့ပစ်ခတ်ခဲ့တာကြောင့် ၂ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့ #စစ်ကောင်စီ #စနိုက်ပါ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10