ချောင်းဦးမှာ ရဲတပ်သား ၂ ဦးကို PDFက ပစ်ခတ်ရှင်းလင်း

ချောင်းဦးမှာ ရဲတပ်သား ၂ ဦးကို PDFက ပစ်ခတ်ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ရဲတပ်သား ၂ ဦးကို အောက်တိုဘာလ ၁၉ ရက် မနက်ပိုင်းမှာ PDF တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

အသတ်ခံရသူ ၂ ဦးမှာ ကံဇီးကျေးရွာထဲ စစ်ကောင်စီတပ်နဲ့ပေါင်းကာ တပ်စွဲနေတဲ့ ရဲတပ်သား ထွန်းကျော်စွာ၊ အောင်ဆန်းမြင့်တို့ဖြစ်ပြီး ၎င်းတို့  ၂ ဦးကို မုံရွာခရိုင် အမှတ် ၅ တပ်ရင်း - Aung San Force က ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ 

"ဒီရဲ  ၂ ကောင်က ကင်းဝပ်ပြီးတော့ ရွာထဲကနေ ခဏအထွက်မှာ စောင့်ဆိုင်းပြီး ပစ်ခတ်လိုက်တာ" လို့ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ချောင်းဦးမြို့နယ်၊ ကင်းမွန်တော်ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်းက ရဲတပ်ဖွဲ့ဝင် ၂ ဦး အသတ်ခံလိုက်ရတယ်လို့ ဖော်ပြထားပြီး ကင်းမွန်တော်ရွာနဲ့ ကံဇီးရွာဟာ ၁ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။

ကံဇီးကျေးရွာဟာ ပျူစောထီးတွေအားကောင်းတဲ့ ကျေးရွာဖြစ်ပြီး ရွာထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတပ်သား အင်အား ၅၀ ခန့် တပ်စွဲထားတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

ရဲတပ်သား ၂ ဦးကို ရှင်းလင်းခဲ့တာနဲ့ပတ်သက်ပြီး အသေးစိပ်အချက်အလက်တွေကို သိရှိနိုင်ဖို့ မုံရွာခရိုင်အမှတ် ၅ တပ်ရင်းမှ ခေါင်းဆောင်ကို မြေလတ်အသံက ဖုန်းနဲ့ဆက်သွယ်ခဲ့ရာ ၎င်းမှာ ခရီးလွန်နေတာကြောင့် ဖြစ်စဥ်အသေးစိပ်ကို မသိရှိရသေးဘူးလို့ ပြောဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ချောင်းဦးမြို့နယ် #ရဲတပ်သား #PDF #ပျူစောထီး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10