ချောင်းဦးမှာ စစ်ကောင်စီက သိုးကျောင်းသား ၁ ဦးကို ပစ်သတ်ပြီး သိုးအကောင် ၁၀၀ ခန့်ပါ ယူသွား

ချောင်းဦးမှာ စစ်ကောင်စီက သိုးကျောင်းသား ၁ ဦးကို ပစ်သတ်ပြီး သိုးအကောင် ၁၀၀ ခန့်ပါ ယူသွား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ သိုးအကောင်ရေ ၂၀၀ ကျော်ကျောင်းနေတဲ့ အမျိုးသား ၁ ဦးကို စစ်အုပ်စုက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက် နေ့လယ် ၂ နာရီကျော်မှာ ပစ်သတ်ခဲ့ပြီး သိုးအကောင်ရေ ၁၀၀ ခန့်ကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပလဖထံက သိရပါတယ်။

ကံကြီးကုန်းကျေးရွာမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့  ၅၀ ဦးထဲက ၂၀ ဦးမှာ ၎င်းရွာရဲ့အရှေ့ဘက် ၁ မိုင်ခန့်အကွာမှာရှိတဲ့ ယာတောကြီးကျေးရွာအနီးက သိုးကျောင်းနေကြတဲ့ နေရာကိုလာပြီး ပစ်သတ်သွားတာလို့ ဆိုပါတယ်။

"သိုးကျောင်းနေကြတာက ၅ ယောက်။ အဲ့အထဲက တယောက်ကို ပစ်သတ်လိုက်တဲ့အခါ ခြေထောက်ကိုကျည်ထိပြီး လဲသွားတယ်။ ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ လဲကျသွားတဲ့သူကို နှိပ်စက်ပြီးတော့ ခေါင်းကိုသေနတ်နဲ့ ပစ်သတ်လိုက်တာ" လို့ ချောင်းဦးမြို့နယ်ပြည်သူ့တော်လှန်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

အသတ်ခံရသူမှာ ယာတောကြီးကျေးရွာက ကိုဇော်ဌေး ၃၅ နှစ်ဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ပြည်သူ့တော်လှန်ရေးအဖွဲ့အပါအဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက  စက်တင်ဘာ ၁၅ ရက် နေ့လယ် ၃ နာရီမှာ အလောင်းကိုသွားယူနိုင်ခဲ့ပြီး ၅ နာရီမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့  မြို့နယ်ပလဖတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်မှာလည်း စစ်ကိုင်းဘက်ကနေ မုံရွာမြို့ကို ကားစီးပြီးလာကြတဲ့ အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာစစ်ဆေးဂိတ်ကနေ ဖမ်းဆီးပြီး PDF နဲ့ ဆက်စပ်နေတယ်ဆိုကာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ပစ်ခတ်ခံခဲ့ရသည့် သိုးကျောင်းသား၏ ရုပ်အလောင်းကိုသယ်ရန် ပြင်ဆင်နေကြစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ချောင်းဦးမြို့နယ် #သိုးကျောင်းသား #စစ်ကောင်စီ #ပစ်ခတ်မှု #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10