ချောင်းဦးမှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကိုမီးရှို့ပြီး ဒေသခံ ၆၀ ကျော်ကို ဖမ်းဆီးသွား

ချောင်းဦးမှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကိုမီးရှို့ပြီး ဒေသခံ ၆၀ ကျော်ကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မေလ ၂၇ ရက် မနက် ၁၁ နာရီကျော်မှာ မီးရှို့ပြီး ရွာခံ ၆၀ ကျော်ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကား ၂ စီးနဲ့အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာအတွင်းဝင်ရောက်လာပြီး နေအိမ် ၂ လုံးကိုမီးရှို့ကာ အသက် ၃၀ နဲ့ ၄၀ အကြားရှိ ရွာခံအမျိုးသား၊အမျိုးသမီး ၆၀ ကျော်ကို ချောင်းဦးမြို့ရဲစခန်းကို ဖမ်းခေါ်သွားတာဖြစ်တယ်လို့ ချောင်းဦး PDF ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

 
"ငါးယှန်ရွာမှာ တောင်ကုန်းဆိုတဲ့အပိုင်းရှိတယ်။ အဲဒီအပိုင်းက အိမ်ကိုမီးရှို့တာ။ပြီးတော့ တွေ့တဲ့လူတွေကိုဖမ်းတာ။ အသက်ကြီးပိုင်းတွေကိုတော့ ချန်ထားခဲ့တယ်။ အဖမ်းခံရသူတွေက ၆၀ ကျော်တော့ နာမည်တွေမသိရသေးဘူးဗျ။ အခုအချိန်ထိ ပြန်မလွတ်လာကြသေးဘူး" လို့ ပြောပါတယ်။

လက်ရှိမှာ ငါးယှန်ရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ တပ်စွဲနေထိုင်နေပြီး အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ယမန်နေ့ နေ့လယ်ပိုင်းက မိုင်းရှင်းလင်းရေးလုပ်နေချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ အရာရှိ ၁ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
မေလ ၁၁ ရက်ကလည်း စစ်ကောင်စီတပ်သားတွေက ချောင်းဦး-မုံရွာကားလမ်းမဘေးမှာတည်ရှိတဲ့ အိမ်ခြေ ၁၀၀၀ ခန့်ရှိ ငါးယှန်ရွာကို ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သလို အမျိုးသားတဦးလည်း လက်နက်ကြီးစထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10