ချောင်းဦးမှာ စစ်သားတဦး ပစ်သတ်ခံရပြီး အလောင်းလာသယ်တဲ့ စစ်ကြောင်းပါမိုင်းထိ

ချောင်းဦးမှာ စစ်သားတဦး ပစ်သတ်ခံရပြီး အလောင်းလာသယ်တဲ့ စစ်ကြောင်းပါမိုင်းထိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ မုံရွာ - မန္တလေးကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်သားတဦး ပစ်သတ်ခံရပြီး အလောင်းလာသယ်တဲ့ စစ်ကောင်စီအဖွဲ့လည်း မိုင်းထိကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ခဲ့တဲ့ ဒေသကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၂ ရက် မနေ့ကမနက် ၆ နာရီလောက်မှာ ချောင်းဦးမြို့ထဲကနေ အရပ်ဝတ်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတဦးကို အနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့ပြီး အလောင်း‌အောက်မှာ မိုင်းတလုံးထောင်ခဲ့တာလို့ ဆိုပါတယ်။  

"သူက စစ်ကောင်စီတပ်သားတစ်ယောက်လို့တော့ သိရတယ်။ အရင်ရက်တွေမှာဆို စစ်ယူနီဖောင်းနဲ့ အမြဲသွားလာတာရှိနေတော့ သူကိုချောင်းနေတာ။ မနေ့ကတော့ အရပ်ဝတ်နဲ့လာချိန်မှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်။ သူအလောင်းကို စကစတွေလာသယ်နိုင်တာသိလို့ အလောင်းအောက်မှာ မိုင်းဆင်ခဲ့တယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားကို မနက် ၆ နာရီလောက်မှာ ရှင်းလင်းခဲ့တာဖြစ်ပြီး နေ့လယ် ၁၂ နာရီခန့်မှ စစ်ကောင်စီတပ်သားတွေရောက်လာပြီး အလောင်းကို မ,ကြည့်ချိန် အလောင်းအောက်ဆင်ထားတဲ့ မိုင်းကွဲကာ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦး ထပ်မံဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ 

စစ်သားအလောင်းနဲ့ ဒဏ်ရာရစစ်သားတွေကိုတော့ ကျန်ရှိတဲ့စစ်ကောင်စီအဖွဲ့၀င်တွေက ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၂ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးမှာ စစ်ကောင်စီ ခြေလျင်စစ် ကြောင်း မိုင်းထိလို့ ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #စစ်ကောင်စီ #ပစ်သတ်ခံရ #မိုင်းထိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10