ချောင်းဦးမှာ တရက်တည်း PDF စခန်း၂ ခုမီးရှို့ခံရလို့ သိန်း ၃၀၀ ခန့်ဆုံးရှုံးဟုဆို

ချောင်းဦးမှာ တရက်တည်း PDF စခန်း၂ ခုမီးရှို့ခံရလို့ သိန်း ၃၀၀ ခန့်ဆုံးရှုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲက PDF စခန်း ၂ ခုကို မေလ ၃၁ ရက် မနေ့ မနက် ၈ နာရီကျော်မှာ စစ်ကောင်စီတပ်က စီးနင်းမီးရှို့သွားတယ်လို့ PDF တာဝန်ရှိသူကပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ Youth Revolution Attack Fore-YRAF ရဲ့ ယာယီစခန်းကိုဝင်ရောက်မီးရှို့ပြီးတဲ့နောက် Area 71 People Defense Force - Monywa PDF စခန်းကို ဆက်လက်မီးရှို့ခဲ့ကာ အချိန်မီရှောင်တိမ်းနိုင်လို့ လူထိခိုက်မှုမရှိမယ့် စခန်းတွင်းပစ္စည်းတွေဆုံးရှုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်တွေ၊ မိုင်းတွေ၊ ယမ်းထုပ်တွေ၊ ဆိုင်ကယ်တွေ၊ အိုးခွက်၊ ပန်းကန်တွေကအစ စခန်းမှာရှိသမျှ ပစ္စည်းတွေအကုန်လုံး မီးရှို့တဲ့အထဲပါသွားတယ်။ တန်ဖိုးအားဖြင့်ကတော့ သိန်း ၃၀၀ လောက်ရှိပါတယ်။ ပြီးတော့ မီးလောင်ပြင်ထဲ စခန်းကပစ္စည်းတွေနဲ့ရောလို့ လူအလောင်းတခုကိုလည်း တွေ့ရတယ်။ သူကဓားစာခံခေါ်ခံရသူဖြစ်နိုင်တယ်။ ဘယ်သူ၊ဘယ်ဝါဆိုတာကို မသိရဘူး " လို့ Area 71 People Defense Force Monywaမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်Theoက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက စခန်းကိုဝင်ရောက်လာချိန် လက်နက်၊ အင်အားမမျှတာကြောင့် စခန်းထဲက နိုင်သလောက်ပစ္စည်းတွေကိုယူပြီး ရှောင်ပြေးခဲ့ရလို့ ရဲဘော်တွေ တဦး၊ တယောက်မှ အထိအခိုက် မရှိခဲ့ဘူးလို့ ရဲဘော်Theo က ဆက်ပြောပါတယ်။

Youth Revolution Attack Fore -YRAF အဖွဲ့စခန်းဟာ PDF တွေ စစ်ကြောင်းထွက်ချိန် ဝင်ရောက်နားခိုတဲ့ ယာယီစခန်းငယ်တခုသာဖြစ်လို့ ဆုံးရှုံးမှုနည်းပါးပြီး စခန်းမှာရှိတဲ့ ရှော့ဂန်းအပျက် နှစ်လက်သာဆုံးရှုံးခဲ့တယ် လို့ YRAFမှ တာဝန်ရှိသူကပြောပါတယ်။

"စကစတွေက ကျနော်တို့ယာယီစခန်းကို မီးအရင်ရှို့ပြီးမှ Area 71 စခန်းကိုရှို့တာ။ ကျနော်တို့ စခန်းနဲ့ သူတို့အဖွဲ့စခန်းက သိပ်မဝေးဘူး ။ ကျနော်တို့မှာက ယာယီစခန်းဖြစ်လို့ ဆုံးရှုံးမှုသိပ်မများဘူးဗျ။ Area 71 စခန်းကတော့ တခုလုံးပြာကျသွားတာဖြစ်လို့ ဆုံးရှုံမှုများနိုင်တယ်"လို့ Youth Revolution Attack Fore -YRAF မှတာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့မှာလည်း ချောင်းဦးမြို့ထဲက Monywa NightKing အဖွဲ့ရဲ့ နောက်တန်းစခန်းကို စစ်ကောင်စီတပ်သားတွေက အခုလိုမျိုးဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့တာကြောင့်  လက်လုပ်မိုင်းတွေ၊ သေနတ်တွေ၊ ယူနီဖောင်းတွေ ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #PDF #PDFM #YRAF #စခန်းမီးရှို့မှု #စစ်ကောင်စီတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10