ချောင်းဦးလဝကရုံးအနီး ကင်းစောင့်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ပစ်သတ်ပြီး သေနတ် ၄ လက်သိမ်းဆည်း

ချောင်းဦးလဝကရုံးအနီး ကင်းစောင့်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ပစ်သတ်ပြီး သေနတ် ၄ လက်သိမ်းဆည်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ စစ်ကောင်စီလက်အောက်ခံလူဝင်မှုကြီးကြပ်ရေး (လဝက)ရုံးအနီး ကင်း‌စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ဇွန်လ ၄ ရက် မနက် ၆ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ PDF အဖွဲ့တွေဆီက သိရပါတယ်။
 
မုံရွာ - မန္တလေးကားလမ်းဘေးရှိ ချောင်းဦးလဝကရုံးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို PDF ပူးပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက်လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးစလုံးသေဆုံးခဲ့တာဖြစ်တယ်လို့ Farmers Revolution Force - မုံရွာခရိုင်တပ်ရင်း(၈)မှ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
 
"ဒီရုံးနားမှာ အရင်ရက်တွေကဆိုရင် စကစ ၇ ယောက်လောက် စောင့်တယ်။ ဒီနေ့မှာတော့ ၄ ယောက်ပဲရှိတယ်။ ၅ မိနစ်လောက်ဘဲ ပစ်ခတ်မှုဖြစ်တာ၊ ခဏလေးပါဘဲ စကစ ၄ ကောင်က ပွဲချင်းပြီးသေတယ်။ သူတို့ရဲ့ လက်နက်တွေ အကုန်လုံးကိုသိမ်းယူခဲ့တယ်"လို့ ပြောပါတယ်။
 
တိုက်ခိုက်မှုကို Farmers Revolution Force - မုံရွာခရိုင်တပ်ရင်း ၈ က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကားနဲ့လျှပ်တပြက် တိုက်ခိုက်ခဲ့တာကြောင့် PDF ပူးပေါင်းအဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘဲ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက BA 63 (G3) ၄လက်၊ ကျည်ဘောက် ၄ ခုနဲ့ ကျည် ၄၉ တောင့် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက စစ်ကား ၃ စီး အပြည့်ပါအင်အားနဲ့ ချောင်းဦးမြို့လဝကရုံးအနီးမှာ လာရောက်တပ်စွဲနေရာယူထားပြီး လမ်းသွား၊လမ်းလာ ဒေသခံပြည်သူတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10