ချောင်းဦး-မုံရွာလမ်းပိုင်းမှာ ခရီးသည်တင်Expressကား ၈ စီး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

ချောင်းဦး-မုံရွာလမ်းပိုင်းမှာ ခရီးသည်တင်Expressကား ၈ စီး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-မုံရွာကားလမ်းပေါ်မှာ ခရီးသည်တင် Expressယာဥ် ၈ စီး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၂၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ယာဥ်လိုင်းတာဝန်ရှိသူတွေထံက သိရပါတယ်။

ဇွန် ၃၀ ရက် မနေ့မနက် ၈ နာရီခွဲဝန်းကျင်မှာ မန္တလေးဘက်ကနေ မုံရွာမြို့ဘက်ကိုမောင်းနှင်လာတဲ့ ခရီးသည်တင်ယာဥ်တွေဟာ ငါးယှန်ရွာအနီးအရောက်မှာ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

"သိရသလောက်က မိုင်းဆွဲပြီးမှ ပစ်ခတ်ခံရတဲ့အခြေနေမှာရှိတယ်။ Famous ယာဥ်က အများဆုံးထိတာ။  လူနာတွေကများလို့ ဘယ်သူတွေ၊ ဘယ်ဝါတွေဆိုတာတောင် သေချာမမေးဖြစ်လိုက်ဘူး။ ထိခိုက်လူနာတွေက လူနာတင်ယာဥ်တွေကို ဝိုင်းတင်ပေးလိုက်ကြရတာ"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်ခံရလို့ Famous ခရီးသည်တင်ယာဥ်ပေါ်က အမျိုးသမီး ၁ ဦးသေဆုံးပြီး Famous ၊ နယူးစွမ်းအပါအဝင် Express ယာဉ် ၅ စီးပေါ်ပါ ခရီးသည်သံဃာ ၁ ပါးနဲ့ လူ၂၃ ဦးဒဏ်ရာရရှိသွားကာ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေကို ချောင်းဦးနဲ့ မုံရွာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

" ကျမတို့ကားက ရန်ကုန်ကနေ မုံရွာဘက်ကိုသွားတာ ဟုတ်ပါတယ်။ ကားတွေပစ်ခံရတာရှိပေမယ့် ခရီးသည်တွေကတော့ ထိခိုက်တာမရှိဘူး။ ကားကတော့ မုံရွာရောက်ပြီ။ ဘယ်လိုပစ်ခတ်ခံရတာလဲ၊ ဘယ်သူတွေပစ်တာလဲ ဆိုတာတော့ သေချာမသိဘူး" လို့ အမည်မဖော်လိုတဲ့ မုံရွာအခြေစိုက်ယာဉ်လိုင်းတခုမှ တာဝန်ရှိသူအမျိုးသမီးတဦးက ပြောပါတယ်။

စစ်တပ်ကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်တွေမှာတော့ ခရီးသည်တင်ယာဥ်တွေကို PDF တွေဘက်ကပစ်ခတ်တာဖြစ်ပြီး ခရီးသည်တင်ယာဥ်တွေပစ်ခတ်ခံရတဲ့အနီးမှာ လက်လုပ်မိုင်းအလုံးရေ ၃၀ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရေးသားဖော်ပြကြပါတယ်။

“အခု ဒီကောင်တွေက(စကစ) နာမည်ယူချင်လို့ ဒဏ်ရာရတဲ့သူတွေကို တယောက် ၁သိန်းနဲ့ စားစရာတွေပေးနေတယ်။ တိုင်းမှူးကိုယ်တိုင်ပေးတာ။ ခွဲစိတ်ရမယ့်လူနာကိုတော့ ၄-၅သိန်းပေးတယ်။ သူတို့က စောင့်ရှောက်တဲ့ပုံစံလုပ်တာပေါ့။” လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

ချောင်းဦး-မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ကင်းပုန်းဝပ်တာ၊ မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုတွေရှိနေပြီး အခုပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့တွေက ဘာကြောင့်ပစ်ခတ်ကြတယ်ဆိုတာ သီးခြားအတည်မပြုနိုင်ပါဘူး။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မုံရွာနဲ့ချောင်းဦးမြို့နယ်ပကဖအဖွဲ့တွေက မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ရေးတင်းမာနေလို့ အသုံးပြုနေတဲ့ကားတွေအနေနဲ့ မှန်ချပြီး မောင်းနှင်ကြဖို့ မေတ္တာရပ်ခံစာထုတ်ထားပြီး တခြားကာကွယ်ရေးအဖွဲ့တချို့ကလည်း မုံရွာ-မန္တလေးလမ်းပိုင်းကို ယာယီပိတ်ထားကြောင်း ဇွန် ၃၀ ရက်မှာပဲ အသီးသီးထုတ်ပြန်ထားကြပါတယ်။

ပုံစာ - ပစ်ခတ်ခံရမှုတွင်ပါဝင်သည့် Famous ယာဉ်။ (ဓာတ်ပုံ - စစ်ကောင်စီသတင်းထုတ်ပြန်ရေး တယ်လီဂရမ်)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး-မုံရွာလမ်း #ခရီးသည်တင်ယာဉ် #ပစ်ခတ် #သေဆုံး #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10