ချောင်းဦး-အမြင့်လမ်းပိုင်းမှာ မိုင်းထိလို့ အမျိုးသား ၁ ဦးသေဆုံး

ချောင်းဦး-အမြင့်လမ်းပိုင်းမှာ မိုင်းထိလို့ အမျိုးသား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အနောက်ဘက်၊ အမြင့်လမ်းပိုင်း၊ ပြည်တော်သာတံတားအနီးမှာ မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

သေဆုံးသူ အသက် ၃၀ ဝန်းကျင်အရွယ် ကိုကျော်ရဲဟာ ချောင်းဦးမြို့၊ ရဲလှေရပ်ကွက်နေထိုင်သူဖြစ်ကာ ဇူလိုင်လ ၃ ရက် ညနေ ၃ နာရီခန့်က ချောင်းဦးမြို့ထဲကနေ အမြင့်လမ်းပိုင်းအတိုင်း ထော်လာဂျီမောင်းနှင်လာစဉ် ပြည်တော်သာတံတားအနီးမှာ မိုင်းထိခဲ့တာ ဆိုပါတယ်။

 

"သိရသလောက်က သူက ထော်လာဂျီမောင်းတဲ့ သူပဲ။ ချောင်းဦးမြို့ထဲနေတာ။ ဘာအတွက်ကြောင့် အဲ့လမ်းကို သူလာလည်းတော့မသိရဘူး။ အဲ့လမ်းပိုင်းက မိုင်းတွေရှိတတ်လို့ အသုံးနည်းကြတယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

 

မိုင်းထိတာကြောင့် ထော်လာဂျီမောင်းနှင်သူ ကိုကျော်ရဲဟာ နေရာမှာပဲ သေဆုံးသွားပြီး ထော်လာဂျီလည်း ထိခိုက်ပျက်စီးတာရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ချောင်းဦး - အမြင့်လမ်းပိုင်းကို အသုံးမပြုကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က အသိပေးထုတ်ပြန်ထားပြီး အဲ့ဒီလမ်းပိုင်းမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေရှိနေသလို အပြန်အလှန်ထောင်ထားတဲ့  မိုင်းတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

 

ဇူလိုင်လ ၂ ရက်ကလည်း ချောင်းဦးမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းအနီး ပခုက္ကူ-ချောင်းဦးလမ်းပိုင်းမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့  အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး မိုင်းထိလို့ ဒဏ်ရာရသွားသေးတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #အမြင့်လမ်း #မိုင်းပေါက်ကွဲ #သေဆုံးမှု #စစ်ကောင်စီတပ် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10