ခြင်းကြားပေါက်မှ ပြုတ်ကျကျန်ခဲ့သော ဆောင်ပုဒ်များ (သရော်စာ)

ခြင်းကြားပေါက်မှ ပြုတ်ကျကျန်ခဲ့သော ဆောင်ပုဒ်များ (သရော်စာ)

တိုင်းသူပြည်သား လူအများတို့ရေ "ငါမသေ ငါ့စခန်း မကျစေရ" တဲ့ အဟေး ဟေး ဟေး ...

ဆိုင်းဘုတ်ပေါ်မှာ ရေးထားတာ ပြောပါတယ် ။ 

အဲ့ဒီဆိုင်းဘုတ်ကြီးကို တဖက်အဖွဲ့အစည်းက ထင်းဆိုက်ဖို့ဆိုပြီး ဖြုတ်သွားတော့ ခြင်းကျားတပ်သားတွေဟာ ကတုတ်ကျင်းထဲကနေ တောင်းပန်ပါတယ် တောင်းပန်ပါတယ်ချည်း ထပ်ကာ ထပ်ကာ အော်နေတော့တာပါပဲ...

(တောင်းပန်ပါတယ် တောင်းပန်ပါတယ်)... တဲ့ 

အဟေး ဟေး ဟေး တောင်းပန်ပါတယ်ဆိုတဲ့... ခုက "ငါမသေ ငါ့စခန်း မကျစေရ" ဆိုတဲ့ ဆိုင်းဘုတ်ကို မဖြုတ်ပါနဲ့လို့ တောင်းပန်တာ ဟုတ်မနေဘူး မဟုတ်လား။ 

ဖြစ်နေတဲ့ အခြေနေတွေက ရှေ့တန်းစခန်းလောက်ကျရုံမဟုတ်ဘူး နောက်တန်း မိန်းမတန်းလျားအထိပါ  အကြိတ်ခံ အသိမ်းခံ နေရတဲ့ အချိန်မို့ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ ဆိုတဲ့ နေရာမှာ တစ်ချက်ကလေးပဲ သေနတ်သံပေး "စခန်းကို စွန့် ထွက်ပြေးတာ တို့တပ်မတော်ပါ" ဆိုတဲ့ အခြေနေပါဗျို့ ။ သတ္တိခဲတွေရဲ့ (တောင်းပန်ပါတယ် တောင်းပန်ပါတယ် ) ပါ။

ဒီလိုနဲ့  “ ရဲဘော်မသေ သေသော်ငရဲမလား “ ပြောရင်း ဟောတစ်ယောက် ကားကနဲ ကျသွားလိုက်။ ဟော ဆယ်ယောက် ကားကနဲကျသွားလိုက်။ ဟော တတပ်လုံး ပျောက်သွားလိုက်နဲ့ ငရဲကြီးရှစ်ထပ်က စာရေးမတွေဆို အွန်ဂျူတီအပြင် အိုဗာဒိုင်ဆင်းရင်နဲ့ လက်ကိုမလည်တော့ပါဘူး။ ငရဲကလည်း မလားလို့ကို မရပါဘူးဗျို့ ။

ပြည်သူသာအဖ၊ ပြည်သူသာ အမိ .. အဲ့ အဲ့ . တပ်မတော်သာအဖ တပ်မတော်သာ အမိလို့ ရွတ်ဆိုခဲ့ရတော့... ဟော ..အကြီးပိုင်းတွေက နိုင်ငံတော်ပိုင်တွေ၊ စက်ရုံနေရာတွေ ဘုန်းသွားပြီဟေ့ ဆိုလည်း တပ်မတော်က အဖပဲ။ တိုင်းပြည်က လယ်ယာမြေတွေ ကုန်သွားလည်း တပ်မတော်က အဖပဲ။ 

ခု တိုင်းပြည်တခွင်က ပြည်သူတွေရဲ့ ရပ်ရွာတွေကို မီးလိုက်ရှို့ခိုင်းလည်း တပ်မတော်သာ အဖပဲ ဆိုပေမဲ့ မီးပုံပြာပုံထဲက ပြည်သူ့မိဘတွေက‌တော့ ငါတို့ ရပ်ရွာက ဘိုးဘွားအိမ်လေး ဘယ်သူတွေ ဖျက်ဆီးပြာချလဲဆိုတာ  သိပ်ကို သေသေချာချာသိတာပေါ့ဗျာ။

အဲ့ဒါနဲ့ မေတ္တာပဲပို့ပို့ ကျိန်စာပို့ပို့ ..ရောက်လိုက်ပြီဟေ့ ထီကနဲဆို အဲ့ဒီ တပ်မတော်သာ အဖ တပ်မတော်သာအဖ ဆိုတဲ့ သူတွေရဲ့ ခေါင်းပေါ်တည့်တည်ပါပဲ ။ 

ဒီလိုနဲ့ အောက်ခြေ စစ်သားတို့ဆိုသည်မှာလည်း ငရဲပန်းလေးများ ပန်ဆင်ထားကြရင်း တပ်မတော်သာအဖ တပ်မတော်သာအမိ လို့ဆိုရင်း လခတောင် နပ်မှန်အောင် ရမနေတဲ့ သေအံ့မူးမူး အလောင်းအလျာလေးများပေါ့ခင်ဗျာ .. ။ ကျွတ် ကျွတ် ကျွတ် …

ဘယ်တော့မှ မတည်မြဲတဲ့ လောကကြီးအကြောင်းက ခြင်းကျားတပ်ကြီးရဲ့ပျက်သုဉ်းခြင်းများ ရှုစားရင်း သံဝေဂ ယူနေရပါလား မင်းကြီးများရဲ့ .. အဟေး ဟေး ဟေး ..

ဒါတွေက သူတို့တွေသိပ်ကို လက်ခံယုံကြည်ကြတဲ့အတိတ်နိမိတ်တွေနဲ့ ဆိုင်မယ်လည်းထင်ပ။ ဟော ကြည့်ဦးလေ “နောင်တခေတ်၏ အောင်စစ်သည် " တဲ့ ။ အခု ခေတ်မှာတော့ မဟုတ်ဘူး ။ 

နောင် တခေတ်ထိအောင်ဖို့ ဆိုပြန်တော့လည်း ဒင်းတို့ လူ ငါးသိန်းလုံး သက်ဆိုးရှည်ဖို့ဆိုတာကလည်း တပ်တွင်းဓမ္မာရုံက လုပ်အားပေးတွေ ပေါင်းတွက်ရင်တောင် ခုက လူတစ်သိန်း မပြည့်တတ် ပြည့်တတ် ခပ်ယဲ့ယဲ့ ။  အေး ခက်တော့ နေချေပြီ။

နောင်တခေတ်၏ အောင်စစ်သည်ဆိုလို့ မော့ကြည့်လိုက်ပြန်တော့လည်း ဟိုးအရင် နှစ် ရာထောင်ချီက အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားဆီက မတက်။  

တကယ်ဆို ပထမဆုံးကာကွယ်ရေး ဦးစီးချုပ်ဆိုသည်မှာလည်း ကရင်ကြီးပဲဟာ အလေးအမြတ်ပြု တင်မဲ့တင် သူ့ပုံလည်း တင်ပေါ့လေနော်။ 

အဲ့လို ဆိုပြန်တော့လည်း မတင်ပြန်ပါဘူး .. မတင်ဆို ခုက ကရင်နဲ့ကလည်း စိတ်ကောက်လိုက်၊ ကချင်နဲ့ဆိုလည်း စိတ်ကောက်လိုက်၊ တောင်ပေါ်မှာ နွားနောက် မွေးနေတဲ့ ချင်းတွေနားလည်း မသွားရဲလိုက်။ တအန်းနဲ့လည်း လက်လန်၊ အညာက ဗမာထဲလည်း ရှုံး၊  ရခိုင်ဘက်မျှော်ကြည့်ပြန်တော့လည်း ဟော တစ်ရင်းပြုတ်လိုက် ဟောတစ်ရင်းပြုတ်လိုက်နဲ့

နောင်တစ်ခေတ်၏ အောင်စစ်သည် ဆိုတာ ရှေ့က တိုက်ပွဲလည်း မအောင်၊ နောက်တန်း ကံကောင်းလို့ ပြန်လာပြန်တော့လည်း ပါလာတဲ့ ဒဏ်ရာနဲ့ မျိုးပါမအောင်နဲ့ နောင်တစ်ခေတ်မှာ အောင်စစ်သည် ဖြစ်ဖို့နေနေသာသာ "နောင်တစ်ခေတ်မှာ အာပလာ ဖြစ်ကြမည့်သူများ"လို့ အခေါ်ခံရဖို့တောင် မသေရုံ ချဉ်ပေါင်းဟင်း တောင့်ခံစားရင်း စာအုပ်အတင်းလိုက်ရောင်းနေရတဲ့ စစ်မှုထမ်းဟောင်း နမူနာတွေလည်း တပုံတစ်ခေါင်းကြီးရယ် ခစ် ခစ် ခစ်...

ဒါတောင်မှ ဘာတဲ့ “တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်ပိုင်ရှင်” တဲ့ လုပ်သေးတယ်။ ဟုတ်တော့ ဟုတ်တယ် ဂုဏ်ဒြပ်က ချာတူးလန် အော့ကြောလန်လွန်းလို့ ဘယ်ဟာနဲ့ ရှာတုနှိုင်းရမှန်းကို မသိတာ ။

ဒင်းတို့မှာ ကောင်းကျိုးချမ်းသာ ချင့်ချိန်နိုင်တဲ့အသိမရှိဘဲ တိရစ္ဆာန်အသိပဲတောင် မပြည့်တာမို့ တိရိစ္ဆာန်နဲ့ နှိုင်းမယ်ကြံတော့ တိရိစ္ဆာန် သိက္ခာကျ။ နင်ပဲ ငဆ တိုင်းထွာပြမယ်ကျပြန်တော့ ဒင်းတို့မှာ နားက မပါ...

ကိုယ့်ကို ပြည်သူက မကြည်ဖြူရင် မကြည်ဖြူမှန်းမသိတဲ့ “တုနှိုင်းဖွယ်ရာ မရှိသော စုတ်ပြတ်သတ်နေသည့်ဂုဏ်ဒြပ်အပေါင်းတို့၏ ပိုင်ရှင်များ”ပေါ့လေ 

တစ်နည်းအားဖြင့် ဆိုပြန်တော့ ဒင်းတို့ပြောနေကျ ပြည်ထောင်စု ဖြိုခွဲသူ တို့ရန်သူ များပေါ့လေ 

ဘာဖြစ်လို့ ...

ဘာဖြစ်ဆို ဘယ်တိုင်းရင်းသားမှ ကိုယ်မြေကိုယ့်ရေ ကိုယ်ပြည်နယ်ကို အလကားနေရင်း ထိုင်ဖြိုခွဲမနေဘူးလေ။ ဟော ကရင်ထဲ ကိုးကွယ်ရာ ဘာသာနဲ့ သပ်ရှိုသူဘယ်သူလဲ ကြည့်လိုက် .. ဒင်းတို့ ။ ကုလား - ဗမာ ရန်တိုက်ပေးလို့ ဘယ်သူလဲ  .. ကြည့်လိုက် .. ဒင်းတို့ ။ ဟော ကချင်မြေထဲ လေယာဉ်နဲ့ ဗုံး သွားချတာ ဘယ်သူလဲ ကြည့်လိုက် ဒင်းတို့ ။

တကယ်‌တော့ ... ပြည်ထောင်စုဖြိုခွဲသူဒို့ရန်သူ စစ်စစ်ဟာ တခြား ကျန်းမာရေး၊ ပညာရေး၊ ဥပဒေပြုရေး အစရှိတဲ့ ဘယ် Institution မှ မဟုတ်ပါဘူး။ ကြောင်ချီးတို့ ဦးဆောင်တဲ့ ကာကွယ်ရေး အင်စတီကျူးရှင်းတစ်ခုထဲကနေပဲ၊ တိုင်းပြည်နဲ့ပြည်ထောင်စုကိုချောက်ထဲ တွန်းချလိုက်၊ မီးပုံရှို့လိုက်၊ သတင်းစာထဲ လက်ဆွဲ နှုတ်ဆက်ဖက်ပြလိုက်နဲ့၊ ငိုစားရယ်စား လုစား တိုက်စား အလုပ်အားလုံးကို ခေတ်အဆက်ဆက်ကနေ လက်ဆင့်ကမ်းလာရင်း တိုင်းပြည်ကို  ကယ်တင်လာကြတာကိုးဗျ၊ တရားတွေလည်း ရစရာပါပဲ။

ဒါကြောင့်ပဲ “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲ စည်းလုံးမည် “ လို့ ရွတ်ဆိုလာကြဟန်တူပါရဲ့။ စည်းလုံးတာတော့ စည်းလုံးကြပါတယ်၊ အဲ့ အာဏာကို ဝေစား မျှစား လုပ်လို့ ရနေသေးတဲ့ကာလမျိုးဆိုရင် ကိုခင်ညွန့်လည်း ကောင်း၊ ဗိုလ်စောမောင်လည်း ကောင်း၊ ဟော မိုးမြင့်ထွန်းလည်း ကောင်း၊ မြင့်လှိုင်လည်း ကောင်းတာပါပဲ။ 

အဲ ဘယ်သူကွဲကွဲ တို့မကွဲအမြဲစည်းလုံးမည်က အဝေမတည့်တော့ဘူးလည်း ဆိုရော မောင်ခင်ညွှန်လည်း ဂျောင်း၊ ဗိုလ်တင်ဦးလည်း ဂျောင်း၊  မိုးမြင့်ထွန်းလည်း အဂတိ၊ မြင့်လှိုင်လည်း လယ်ယာမြေ အလွဲသုံးစားဖြစ်ရော.. ဟာဗျာ  တော်တော်နောက်တတ်တဲ့ သူတွေ။ 

တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဘူးဆို။ 

ခုက အမျိုးသမီးရေးရာကြောင့်သစ္စာဖောက်ပြန်ရတာလား။ 

ခွင်ကောင်းတဲ့ နေရာမရောက်ကျရင်ဘဲ သစ္စာ ဖောက်ပြန်ကြတာလား ။ 

ရှေ့တန်းက မပြန်ကြရတော့လို့ပဲ သစ္စာ ဖောက်ကြရတာလားတော့ မသိဘူး ။ 

ရှေ့တန်းက သူတွေ ကြည့်လိုက်ရင် အလံဖြူလေးတွေ ထောင်ကာ ထောင်ကာ နဲ့ ။ 

ဟော နောက်တန်းက နေရာကောင်း ရထားသူတွေ ကြည့်ပြန်တော့လည်း Nationalism နဲ့ Politic မဆိုင်ပါဘူး အော်ရင်း အမျိုးသားရေး ခေါင်းစဉ်တပ်လည်း ပါပြန်ပြီဆို သူ၊ ပေါ်လက်တစ် လွှတ်တော်ဟေ့ ဆိုလည်း ထိုင်ခုံထဲပါပြန်ပြီဟေ့ ဆိုလည်း သူ။ ဟော ဥပဒေပြုရေး အုပ်ချုပ်ရေး ဆိုလည်း ဘောင်းဘီလေး တန်းချွတ်ပြီး ပါပြန်ပြီ ဟေ့ ဆိုလည်း သူ နဲ့ ...

“တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာ ကူညီ” နေလိုက်ကြတာမှ ဟော အိမ်တစ်လုံး၊ ဟော ပရောဂျက် တစ်မျိုး၊ ဟော လုပ်ငန်းရှယ်ရာ တခု အစီစီနဲ့ ဗိုက်ဖောင်းသ၍တော့ စိတ်ကောင်း ဝင်ကြတာပဲ။

တပ်မတော် အင်အားရှိမှ အဘတွေ အင်အားရှိမည် ကိုးဗျ၊ ခုတော့ ဘဘတို့အချင်းချင်းလည်း မတည့်၊ ခြင်းကျားတပ်ကြီးလည်း မွဲပြာဖြူကာပြာကာကျ လာလိုက်တာမှ “ခုတော့ ပြည်ပ အားကိုးပုဆိန်ရိုး “အသံတောင် သိပ်မကြားရတော့ဘဲ ရုရှားခြေဖမိုး လက်စုံမိုးရင်း....အတင်းကို တိုးရှိုး တောင့်ခံ နေကြရတော့တာပဲ ဗျာ ..

ကဲ "နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်ကို ဝင်ကြစို့" ဆိုတာကို ယုံစားပြီး လခ မမှန် ယက်ကန်ယက်ကန်နဲ့ အတင်းတောင့်ခံ သေဖို့မနက်ဖန် စောင့်နေကြရရှာတဲ့ ခြင်းကြား လက်ကျန်လေးတွေ သိစေဖို့ပါဗျို့ ငိငိငိငိငိ....

#မြေလတ်အသံ

#သရော်စာ #မြေလတ်အမတ်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10