သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အမျိုးသားညီညွတ်ရေးအစိုးရ - NUG MODရဲ့ လက်နက်ခဲယမ်းသယ်ယူခွင့်အမိန့်စာနဲ့ သယ်ဆောင်ပေမယ့် ဖမ်းဆီးခံလိုက်ရတဲ့ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း တပ်ဖွဲ့ဝင် ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ၎င်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဖမ်းဆီးခံခဲ့ရသူမှာ PDF တပ်ဖွဲ့ဝင် ရဲဘော် တင်မိုးထွန်း(ခ)မိုးကြီးဖြစ်ပြီး အောက်တိုဘာလအတွင်းမှာ ညှိနှိုင်းပြီးနောက် ပြေလည်မှုရရှိခဲ့ပြီး ပြန်လွတ်လာကာ ဒီဇင်ဘာ ၁၁ ရက်မှာ ဖမ်းဆီးခံရတဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ မြင်းခြံတပ်ရင်း ၈ ကို ပြန်လည်ရောက်ရှိလာတာလို့ ဆိုပါတယ်။
" လက်နက်တွေ အကုန်နီးပါး ပြန်ရပါတယ်။ ရဲဘော်လည်း ပြန်ရောက်ပါပြီလို့။" လို့ ရဲဘော်မိုးကြီးနဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ရဲဘော် တင်မိုးထွန်း(ခ)မိုးကြီး ဟာ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နယ်မြေတနေရာမှာ ခွင့်ပြုချက်မရှိဘဲ လက်နက်၊ခဲယမ်းသယ်ဆောင်တယ်ဆိုကာ ပြီးခဲ့တဲ့ဇွန် ၁၀ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၄ လနီးပါးအကြာ အောက်တိုဘာလမှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
မြေလတ်အသံကကြည့်ရှုခွင့်ရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဇွန် ၈ ရက်စွဲပါ အမိန့်စာအရ ရဲဘော်တင်မိုးထွန်း(ခ)မိုးကြီး ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသကနေ မိခင်တပ်ရင်းရှိရာကို လက်နက်၊ခဲယမ်းသယ်ဆောင်မှာဖြစ်လို့ ခွင့်ပြုပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် လက်မှတ်ထိုးအကြောင်းကြားထားပေမယ့် ၎င်းတပ်ဖွဲ့ဝင်ဟာ သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း မြင်းခြံမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် လက်နက်၊ခဲယမ်းလိုအပ်ချက်မြင့်မားနေချိန် ဖမ်းဆီးခံထားရတဲ့ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းက ရဲဘော်ကို သယ်ဆောင်လာတဲ့ လက်နက်၊ ခဲယမ်းတွေနဲ့အတူ ပြန်လွှတ်ပေးဖို့ တော်လှန်ရေးအဖွဲ့တွေဘက်က MDYPDF ထံ တောင်းဆိုကြောင်း သြဂုတ် ၁၆ ရက်မှာ မြေလတ်အသံကသတင်းဖော်ပြခဲ့ပြီး သတင်းမဖော်ပြမီ အဆိုပါအခြေအနေကို MDYPDF ဘက်ကို မြေလတ်အသံက မေးမြန်းခဲ့ပေမယ့် တစုံတရာတုံ့ပြန်တာမျိုး မရှိခဲ့ပါဘူး။
ရဲဘော် မိုးကြီးနဲ့အတူ သယ်ဆောင်ဖို့ NUGMOD ရဲ့ ခွင့်ပြုအမိန်စာပါ လက်နက်ခဲယမ်းစာရင်းအရ RPG ၁ လက်၊ မောင်းပြန်သေနတ် ၂၂ လက်နဲ့ ဆက်စပ်ခဲယမ်းပစ္စည်းတွေ ပါဝင်ပြီး လွတ်မြောက်လာချိန်မှာ အဆိုပါလက်နက် ခဲယမ်းအားလုံးနီးပါးပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#MDYPDF #မြင်းခြံခရိုင်တပ်ရင်း၈ #PDF #ဖမ်းဆီးခံရ #လွတ်မြောက်လာ #NUG #MOD
Share Share Share