ဂန့်ဂေါနဲ့ချင်းပြည်နယ်ဆက်သွယ်ထားတဲ့ တံတား ၂ စင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

ဂန့်ဂေါနဲ့ချင်းပြည်နယ်ဆက်သွယ်ထားတဲ့ တံတား ၂ စင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်က သံကူကွန်ကရစ်တံတား ၂ စင်းကို ဇူလိုင်လ ၂၀ ရက်မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ အောင်မြင်ကျေးရွာနဲ့ ရှုံးရှီကျေးရွာကြားရှိ ပေ ၈၀ အရှည်ရှိတံတား ၁ စင်းနဲ့ အောင်မြင်နဲ့ လုံခြုံကျေးရွာကြားရှိ ပေ ၁၀၀ ခန့်အရှည်ရှိ တံတား ၁ စင်းတို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အဲ့ဒီ တံတား ၂ စင်းဟာ ၁ မိုင်ခန့်သာကွာဝေးတယ်လို့ ဆိုပါတယ်။

"အောင်မြင်နဲ့ရှုံးရှီကြားက တံတားက ကားတွေလုံးဝသွားလို့မရတော့ဘူး။ အောင်မြင်နဲ့လုံခြုံကြားက တံတားကတော့ နည်းနည်းပျက်တာဖြစ်လို့ သွားလို့ရသေးတယ်"လို့ ဂန့်ဂေါမြို့ နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

အဆိုပါ တံတား ၂ စင်းကို ဂန့်ဂေါမြို့နယ်အခြေစိုက် ခလရ - ၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၂၀ ခန့်က မိုင်းခွဲဖျက်ဆီးခဲ့ကြတာလို့ ဆိုပါတယ်။ 

"စကစ တွေက ညည့်နက် ၂ နာရီမှာ တပ်ရင်းက စထွက်လာတယ်။ မနက်မိုးလင်းတာနဲ့ တံတားတွေကို ဖျက်ဆီးတော့တာပဲ။ ဖျက်ဆီးပြီးတော့ တပ်ရင်းကိုတန်းပြန်သွားတယ်ဗျ။ ရွာသားတွေရဲ့ အိမ်တွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး"လို့ ဂန့်ဂေါတောင်ပိုင်းပကဖတာဝန်ခံက ပြောပါတယ်။

အောင်မြင်နဲ့ ရှုံးရှီကျေးရွာကြား ဆက်သွယ်ထားတဲ့တံတားကို စစ်ကောင်စီတပ်သားတွေက မိုင်း ၄ လုံးသုံးပြီး ဖောက်ခွဲခဲ့တာကြောင့် တံတားဘောင် နှစ်ဖက်စလုံး ပျက်စီးသွားကာ ယာဥ်တွေဖြတ်သန်းသွား လာလို့ မရတော့တဲ့အခြေအနေဖြစ်သွားတယ်လို့ အထက်ပါပကဖတာဝန်ခံက ဆိုပါတယ်။

ခုလိုဖျက်ဆီးတာဟာ ချင်းတောင်နဲ့ ဂန့်ဂေါနယ်ကို ကုန်စည်စီးဆင်းမှုတွေ ဖြတ်တောက်ချင်တဲ့သဘော ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဖျက်ဆီးခံရတဲ့ တံတား ၂ စင်းမှာ ဂန့်ဂေါမြို့ နယ်တောင်းပိုင်ရှိ ကျေးရွာတွေနဲ့ ချင်းပြည်နယ်က မတူပီမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်က တံတားတွေဖြစ်တာကြောင့် အဲဒီလမ်းကို အသုံးပြုကာ ကုန်ပစ္စည်းတွေတင်ပို့နေကြတဲ့ ကုန်ကားတွေဟာ ဇူလိုင်လ ၂၁ ရက် ဒီနေ့အထိ လုံခြုံကျေးရွာ အနီးဝန်းကျင်တွေမှာ ရပ်နားထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #တံတား #မိုင်းခွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10