ဂန့်ဂေါနဲ့ဒီပဲယင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံး

ဂန့်ဂေါနဲ့ဒီပဲယင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က အောက်တိုဘာ ၅ ရက် မနေ့က မွန်းလွဲအချိန်မှာ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုတွေအတွင်း အမျိုးသား ၁ ဦး သေဆုံးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဂန့်ဂေါမြောက်ပိုင်းက ရေရှင်မကျေးရွာရဲ့အနောက်ဘက် ၁ ဖာလုံအကွာရှိ ကုန်းမြင့်တနေရာကို မွန်းလွဲ ၁၂ နာရီကျော်မှာ တိုက်လေယာဥ် ၂ စီးနဲ့ ဗုံး ၄ လုံးကြဲချခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုမှာ ကျွန်းခုံသာကျေးရွာနေ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ ဆုံးသွားတဲ့ လူနဲ့နောက်တယောက်ပါသေးတယ်။ ဗုံးကြဲတာကို သွားကြည့်ကြတာ။ ဆုံးသွားတဲ့သူက ခြေတဖက်မသန်ဘူး။ နောက်တယောက်ကတော့ မြောင်းတခုမှာ ဝပ်နေလိုက်ရလို့ ဘာမှမထိခိုက်ခဲ့တာ။ ကျတဲ့ဗုံးသီးတလုံးနဲ့ တလုံးအကွာအဝေးက ပေ ၃၀၊၄၀၊၅၀ အဲ့လောက်ပဲကွာတယ်” လို့ ရေရှင်မကျေးရွာအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မွန်းလွဲ ၂ နာရီ ကျော်မှာလည်း  ဒီပဲယင်းမြို့ရဲ့အနောက်ဘက်နဲ့ တောင်ဘက်ရှိ တောအုပ်တွေကို စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ လူအထိအခိုက် မရှိဘူး။ မနေ့ညတုန်းက မြို့ပေါ်စခန်းတွေကို ရဲဘော်အဖွဲ့တွေကသွားပစ်ခဲ့လို့ ဒီနေ့မှာ လေကြောင်းလာတိုက်တာ ဖြစ်နိုင်တယ်။ စခန်းတွေကို PDF တွေက သိမ်းနေပြီလို့ထင်ပြီးတော့ လာပစ်တာ”လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ် ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ဂန့်ဂေါ #မကွေး #စစ်ကိုင်း #ဒီပဲယင်း #Airstrike #စစ်တပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10