သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက စစ်ဘေးရှောင်တချို့မှာ ယားနာရောဂါဖြစ်နေပြီး ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်တွေရဲ့ကျန်းမာရေးအတွက် ဆေးဝါးကုသမှုလုပ်ပေးနေတဲ့ CDM သူနာပြုဆရာမဆီက သိရပါတယ်။
"ဘာကြောင့်ဖြစ်တာလဲဆိုတော့ ကလေးတွေက တယောက်နဲ့တယောက် ကူးတာ။ အစဖြစ်တာကတော့ ရေမသန့်လို့ပဲပြောရမလား၊ တောထဲတောင်ထဲနေတာကြာတော့ ဖားတို့ ငါးတို့ အဲ့လိုတွေ စားတာများတာတို့ ရေမသန့်တာတို့ကနေ စဖြစ်တာလို့ ထင်တယ်။"လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ CDM သူနာပြုဆရာမက ပြောပါတယ်။
ကလေးတွေမှာ ဝဲရောဂါ၊ လူကြီးတွေမှာ ပွေး၊ ဂျွတ်၊ နှင်းခူ စတဲ့ရောဂါတွေဖြစ်နေပြီး ရောဂါပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးဝါးအလွယ်တကူဝယ်မရတာ၊ ဆေးစျေးနှုန်းကြီးမြင့်တာတွေကြောင့် ထိထိရောက်ရောက်မကုသနိုင်ဘဲ နှစ်ချီပြီးရောဂါခံစားနေရသူတချို့လည်းရှိတယ်လို့ ဆိုပါတယ်။
"ဒီရောဂါတွေက စားဆေးနဲ့လည်း မပျောက်ဘူး။ လိမ်းဆေးနဲ့လည်း မပျောက်ဘူး။ ထိုးဆေးနဲ့ပဲရတယ်။ ဆေးကလည်း ဂန့်ဂေါမြို့ပေါ် လူတိုင်းသွားမဝယ်နိုင်သလို စကစဘက်ကလည်း အင်္ဂလိပ်ဆေးတွေ သယ်ခွင့်ပိတ်ထားတာ။ အဲ့လိုအခက်ခဲတွေရှိနေတာ။ ရှိတဲ့ဆေးတွေနဲ့တော့ တအားဆိုးတဲ့သူတွေကို ထိုးပေးနေပေမယ့် လုံလောက်မှုမရှိဘူး။"လို့ CDM သူနာပြုဆရာမကဆက်ပြောပါတယ်။
စစ်ရှောင်တွေနေထိုင်တဲ့ နေရာအနီးက ချောင်းတွေ၊ ကန်တွေဟာ မိုးရာသီမှာ ရေသန့်ရှင်းမှုရှိပေမယ့် ဆောင်းရာသီနဲ့နွေရာသီမှာ ရေခမ်းလာတာကြောင့် နုန်းအနည်အနှစ်တွေများလာပြီး သောက်သုံးဖို့ ခက်ခဲတဲ့အတွက် လက်ယက်တွင်းတွေတူးပြီး သောက်သုံးရေခပ်ယူနေပေမယ့် သန့်ရှင်းတဲ့ရေကိုလည်း မရရှိဘူးလို့ ဆိုပါတယ်။
ရောဂါပျောက်ကင်းဖို့က သောက်ဆေး၊ ထိုးဆေးနဲ့ ပိုးသတ်ဆေးတွေကို တွဲပြီးသောက်သုံးပေးမှ ပျောက်ကင်းနိုင်တာဖြစ်ပေမယ့် အဲ့လိုမသောက်နိုင်တာကြောင့် ရောဂါမပျောက်ဖြစ်နေကြတာလို့လည်း ဆိုပါတယ်။
"ထိုးဆေးရယ် စားဆေးရယ် ပိုးသတ်ဆေးရယ်ကို တွဲစားမှ အဆင်ပြေမယ်ဆိုတော့ လူတယောက်ကိုအနည်းဆုံးဆေးဖိုးက တကြိမ်ကို တော်တော်ကုန်နိုင်တယ်။ တချို့က တလုံးထိုးရင်ပျောက်တာရှိသလို အချို့ကတော့ သုံးလေးလုံးလောက်ထိုးမှ ပျောက်တာမျိုးတွေရှိတယ်။ သူတို့တွေက အရင်က စားဆေးပဲစားတော့ ပျောက်တယ်ဆိုတာမရှိဘူး၊ သက်သာလိုက် ပြန်ဖြစ်လိုက်ဖြစ်တာ။"လို့ သူကဆက်ပြောပါတယ်။
ထိုးဆေးဟာ ရောဂါအပေါ် မူတည်ပြီး အနည်းဆုံး ၁ လုံးမှ အများဆုံး ၅ လုံးထိထိုးပြီး သောက်ဆေးတွေလည်းသောက်ရကာ ထိုးဆေး ၁ လုံးတန်ဖိုးက ကျပ် ၁၀,၀၀၀ ကျော်၊ သောက်ဆေး ၁၀ လုံးပါ ၁ ကဒ်က ကျပ် ၇,၀၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။
"ဆေးက လုံလောက်အောင်မရှိတော့ အခမဲ့မထိုးပေးနိုင်ဘူး။ အဲ့ဒီဆေးက အစကအလှူရှင်မရှိဘူး။ အလှူရှင်တွေရဖို့ ဆက်သွယ်နေတုန်းပါ။ အလှူရှင်ရလာရင်တော့ အခမဲ့ထိုးပေးမှာ။"လို့ CDM သူနာပြုက ဆက်ပြောပါတယ်။
ဒါ့ကြောင့် ဆေးဝါးထောက်ပံ့ဖို့ အလှူရှင်တွေလိုအပ်နေပြီး လှူဒါန်းလိုသူတွေအနေနဲ့ တယ်လီဂရမ်နံပါတ် 0975371348 နဲ့ ဖုန်းဆက်လှူဒါန်းချင်ပါက 0954920276 ကိုဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
အဆိုပါ စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့နေရာမှာ အိမ်ထောင်စုပေါင်း ၇၀ ကျော်၊ လူဦးရေ ၃၀၀ ကျော် နေထိုင်ကြတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်နေရသူတွေက အနီးဝန်းကျင်မှာ လယ်စိုက်၊ ဟင်းသီးဟင်းရွက်စိုက်ပျိုး၊ ဖားငါးရှာ ရောင်းချကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရသူတွေလည်းရှိပြီး စားသောက်ရေးအတွက်လည်း လိုအပ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ရှောင်တွေဟာ ဂန့်ဂေါမြို့နယ်အတွင်းကဖြစ်ပြီး ၎င်းတို့နေထိုင်တဲ့ကျေးရွာဟာ စစ်ကောင်စီတပ်စခန်းနဲ့ ၃ မိုင်ခန့်ကွာဝေးတာကြောင့် လက်နက်ကြီးနဲ့မကြာခဏပစ်ခတ်ခံရတာ၊ နေအိမ် ၁၈ လုံးလည်းမီးရှို့ခံခဲ့ရတာကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လပိုင်းကတည်းက တိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ဂန့်ဂေါ #စစ်ရှောင် #ယားနာ
Share Share Share