ဂန့်ဂေါမြို့နယ် ကန့်သက်ကျေးရွာကစစ်ရှောင်တွေ စားနပ်ရိက္ခာအရေးအပေါ်လိုအပ်နေ

ဂန့်ဂေါမြို့နယ် ကန့်သက်ကျေးရွာကစစ်ရှောင်တွေ စားနပ်ရိက္ခာအရေးအပေါ်လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သတ်ကျေးရွာကနေ ပျူစောထီးထဲမဝင်ချင်လို့ ထွက်ပြေးလာကြတဲ့ ဒေသခံတွေနေထိုင်ရာ စစ်ရှောင်စခန်းမှာ ဆန်ပြတ်လပ်နေလို့ အရေးပေါ်ရိက္ခာအကူအညီလိုနေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

ကန့်သတ်ကျေးရွာဟာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃)အနီးမှာတည်ရှိပြီး ကျေးရွာက ဒေသခံတွေကို ပျူစောထီးသင်တန်းပေးတာကြောင့် ၂၀၂၂ သြဂုတ်လကတည်းက ဒေသခံတွေထွက်ပြေးလာကြပြီး ပုလဲမြို့နယ်မှာ စစ်ရှောင်စခန်းတခုအဖြစ် နေထိုင်နေကြတာဖြစ်ပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ သံဃာတပါးအပါအဝင် ဒေသခံ ၃၀၀ နီးပါးရှိပြီး တနေ့ကို ဆန် ၃ တင်းခွဲခန့်ကုန်ကျပြီး လက်ရှိဆန်လက်ကျန်က တပတ်စာအတွက်တောင် မလုံလောက်တော့ဘူးလို့  Western Chindwin Association(WCA)ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဘယ်လိုမှ အဆင်မပြေလို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျနော်တို့ ဆန်အိတ်တွေအကြွေးယူပြီး ပို့ထားခဲ့သေးတယ်။ ဒါပေမဲ့ ဆန်က တပတ်စာတောင် မလောက်နိုင်ဘူး။ သူတို့က ဆီမရှိလည်းဖြစ်ပါတယ်။ ဆန်လေးတော့ ရအောင်ကူကြပါအုံးလို့ အကူအညီတောင်းနေတာ။" လို့ WCA ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ အရေးကြီးအကူအညီအနေနဲ့ ဆန်လိုအပ်နေသလို ဆောင်းရာသီကူးပြောင်းလာတာကြောင့် စောင်၊ အနွေးထည်နဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ထောက်ပံ့လိုတဲ့ပြည်သူတွေအနေနဲ့ Western Chindwin Association ကနေတဆင့်ထောက်ပံ့နိုင်တယ်လို့ ဆိုပါတယ်။

ကန့်သတ်ကျေးရွာဒေသခံတွေဟာ ကျေးရွာအတွင်းကိုလည်း ပြန်ဝင်ခွင့်မရဘဲ အဲဒီရွာကို စစ်တပ်အုပ်ချုပ်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ကန့်သတ်ရွာရဲ့ အရှေ့ဘက်မှာ စစ်တပ်က စခန်းကုန်းတခုချကာတပ်စွဲထားသလို( ကပစ-၂၃)စက်ရုံမှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #ကန့်သတ်ကျေးရွာ #ပျူစောထီး #ရိက္ခာ #စစ်ရှောင် #WCA

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10