ဂန့်ဂေါမြို့မရဲစခန်းက နိုင်ကျဥ်း ၄၀ ကျော်ကို ထောင်ဒဏ်ချမှတ်ပြီး ထောင်မပို့ဘဲ ဆက်လက်ချုပ်နှောင်ထား

ဂန့်ဂေါမြို့မရဲစခန်းက နိုင်ကျဥ်း ၄၀ ကျော်ကို ထောင်ဒဏ်ချမှတ်ပြီး ထောင်မပို့ဘဲ ဆက်လက်ချုပ်နှောင်ထား

မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းမှာ ထောင်ကျပြီးတဲ့ နိုင်ငံရေးအကျဥ်းသား ၄၀ ကျော် ထောင်ပို့မခံရဘဲ ရဲစခန်းမှာပဲ ဆက်လက်ချုပ်နှောင်ခံထားရတယ်လို့ မတ် ၂၀ ရက် ဒီနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ နိုင်ငံရေးအကျဥ်းသား ၄၀ ကျော်ဟာ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၃ နှစ်ကနေ ထောင်ဒဏ်တသက်တကျွန်းအထိ အမိန့်ချခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

"စကစဘက်ကတော့ လမ်းကြောင်းအခက်ခဲနဲ့ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ထောင်ကိုမပို့ဘဲ အချုပ်ထဲမှာ ဆက်ထားထားတယ်။ အဲ့တော့ သူတို့တွေအတွက်က အကျဥ်းသားတွေရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်"လို့ PPNM တာဝန်ရှိသူတဦးကပြောပါတယ်။

ဂန့်ဂေါမြို့မရဲစခန်းအချုပ်ဆောင်မှာ အမိန့်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၄၀ ကျော်အပြင် အမိန့်မချရသေးတဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၅၀ ခန့်လည်းရှိနေသေးပြီး အခြားအမှု အချုပ်သားတွေအပါအဝင် စုစုပေါင်း လူဦးရေ ၁၂၀ ကျော်ရှိနေတာပါ။

ရဲစခန်းမှာ (၁၀ ပေ × ၁၂ပေ) အကျယ်အဝန်းရှိ အချုပ်ခန်း ၃ ခန်းသာရှိနေပြီး အဲ့ဒီအချုပ်ခန်းတွေထဲ မှာပဲ ရှိသမျှလူကိုထည့်ထားတာကြောင့် တဦးနဲ့တဦး ဘေးတစောင်းနဲ့ခြေထောက်ချင်းထပ် အိပ်ရသလို အလှည့်ကျအိပ်စက်ရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 

ဒ့ါအပြင်အကျဉ်းသားတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားသောက်နေထိုင်ရေး ပြည့်ဝစွာ မရရှိဘဲ လူ့အခွင့်အရေးချိုးဖောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်နေကြရတယ်လို့လည်း PPNM တာဝန်ရှိသူတဦးကပြောပါတယ်။

ဂန့်ဂေါမြို့မရဲစခန်းဟာ စစ်တပ်နဲ့ပျူစောထီး၊ ရှေ့တန်းထွက်ရသူတွေ အဝင်အထွက်လုပ်တဲ့ စခန်းဖြစ်လို့ အကျဉ်းသူ/သား၊ အချုပ်သူ/သားတွေအတွက် အသက်အာမခံချက် မရှိတဲ့အပြင် မကြာခဏ ခေါ်ယူစစ်ဆေးမှု၊ ညှဉ်းပန်းနှိပ်စက်မှုကိုလည်း နေ့စဉ်ခံနေကြရတယ်လို့ ဆိုပါတယ်။

ထောင်မိန့်ချထားပြီးပေမယ့် အချုပ်ဆောင်ထဲမှာ ဆက်နေနေရတဲ့သူတွေဟာ လက်ရှိ အကျဉ်းထောင်တွေမှာရရှိနေတဲ့ တလတကြိမ် မိသားစုနဲ့တွေ့ဆုံခွင့်လည်း ဆုံးရှုံးနေတဲ့အပြင် ထောင်ဒဏ် အမိန့်ကျပေမယ့် ထောင်ဝင်နံပါတ်မရရှိတဲ့အတွက် လျှော့ရက်ခံစားခွင့်နဲ့ (အခါကြီးရက်ကြီးများတွင်လွှတ်ပေးလေ့ရှိသော) လွတ်ငြိမ်းခံစားခွင့်တွေလည်း မရဘူးလို့ PPNM ဆီက သိရပါတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ မတ် ၁၉ ရက်အထိ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရသူ ၂၆၂၅၁ ဦးရှိတဲ့အနက် ၂၀၁၁၉ ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဲ့ဒီထဲက ၈၈၄၂ ဦးကတော့ ထောင်ဒဏ်တွေချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #နိုင်ကျဥ်း #ချုပ်နှောင်ခံထားရ #အကျဉ်းသားအခွင့်အရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10