ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားတဦးကို လက်နက်နဲ့ဖမ်းမိ

ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားတဦးကို လက်နက်နဲ့ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အသက် ၂၃ နှစ်အရွယ် ရဲတပ်သား ရဲထက်မြတ် ဆိုသူကို လက်နက်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ Generation Z Army အဖွဲ့ဆီက သိရပါတယ်။

ရဲတပ်သား ရဲထက်မြတ်ကို ဇူလိုင် ၇ ရက် ညနေပိုင်းက ဂန့်ဂေါမြို့မရဲစခန်းနဲ့ မီတာ ၁၅၀၀ အကွာက မြစ်သာမြစ်ကို ရေချိုးထွက်လာချိန် ဖမ်းမိခဲ့တာဖြစ်ပြီး သူ့ဆီက G 3 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ 7.62 ကျည် ၁၂ တောင့်ကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“သူက အရင် ချင်းပြည်နဲ့ ဂန့်ဂေါအစပ်က ဘုံဇုံရွာနယ်ခြားစောင့်စခန်းမှာ တာဝန်ထမ်းဆောင်နေတာ။ (ဘုံဇုံ)စခန်းက အသိမ်းခံလိုက်ရတဲ့အခါ အဲ့စခန်းကနေ ဂန့်ဂေါမြို့ကို လာခဲ့တာပေ့ါနော်။ စခန်းသိမ်းမှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေပါ။”လို့ Generation Z Army တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်က ပြောပါတယ်။

အဲ့ဒီရဲတပ်သားဟာ ဘုံဇုံနယ်ခြားစောင့်စခန်းကနေ ဂန့်ဂေါမြို့မရဲစခန်းကို ပြောင်းလာချိန် အချုပ်ခန်းစောင့်၊ ရဲစခန်းစောင့်နဲ့ ကင်းစောင့်တာဝန်တွေကို လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းမိထားတဲ့ ရဲတပ်သားကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဆက်လက်စစ်ဆေးနေကာ ပြစ်မှုပေါ်မူတည်ကာ ထောင်ဒဏ် ဒါမှမဟုတ် တခြားပြစ်ဒဏ်တခုခု ချမှတ်ဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ စစ်ဦးစီးချုပ်က ပြောပါတယ်။

Generation Z Army ဟာ ချင်းပြည်နယ်၊ ရက္ခိုင်ပြည်နယ်နဲ့ တပ်ရင်းအခြေစိုက်ရာ အညာဒေသဖြစ်တဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ EROs တွေ၊ မဟာမိတ် PDF တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်ပြီး တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီအဖွဲ့တွေကို ဖမ်းမိတာဟာ ဒီတကြိမ်က ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။  

ပြီးခဲ့တဲ့ မေ ၁၀ ရက်ကလည်း မောင်းတောခရိုင်နယ်ခြားစောင့်တပ်ကနေ ရဲတပ်သား ၂ ဦး လက်နက် ၂ နက်နဲ့ Generation Z Army ဆီ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ရဲတပ်သား #ဖမ်းမိ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10