ဂန့်ဂေါမြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ PDF ၂ ဦးကျဆုံးပြီး ပြည်သူ ၈ ဦး ဒဏ်ရာရ

ဂန့်ဂေါမြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ PDF ၂ ဦးကျဆုံးပြီး ပြည်သူ ၈ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက လာပို့နဲ့ ဘော်ပြင်းရွာကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၈ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၄ ရက် မနေ့ကနေ့လယ် ၃ နာရီလောက်က မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ MiG-29 ဂျက်ဖိုက်တာက လာပို့ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာထဲကဈေးဆိုင် ၁ ဆိုင်ရှေ့ကို ကျရောက်ပေါက်ကွဲခဲ့တာပါ။ 

ဈေးဆိုင်အိမ်က မောင်နှမ ၂ ဦးနဲ့ ရွာသား ၁ ဦးထိခိုက်ခဲ့ပြီး မောင်နှမ ၂ ဦးကတော့ ဆေးရုံတင်ထားဆဲဖြစ်ကာ ရွာသား ၁ ဦးကတော့ ဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ ၃ ချက်ချုပ်ထားရပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

“အဲ့နားမှာ ဈေးဝယ်နေကြတဲ့အချိန်ဆိုတော့ များတာပေါ့၊ (ရွာသား) သူကတော့ လေယာဥ်ဗုံးစ ထိတာ မဟုတ်ဘူး၊ ဘေးကနေပစ္စည်းတွေပြိုကျပြီး ပိပြီးတော့ ထိတာ၊ ဈေးဝယ်နေတုန်း ချသွားတာ ဈေးဆိုင်ရှေ့ကို။”လို့ လာပို့ရွာသား ၁ ဦးက ပြောပါတယ်။

အဲ့ဒီနေ့ နေလယ် ၃ နာရီခွဲဝန်းကျင်မှာပဲ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ FTC-2000G ဂျက်ဖိုက်တာဟာ လာပို့ရွာနဲ့ ၈ မိုင်ခန့်အကွာက ဘော်ပြင်းကျေးရွာကို လေကြောင်းနဲ့ ဗုံး ၃ လုံးကြဲပြီး ရော့ကတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး အဲ့ထဲက ၂ ဦး ဆုံးသွားတယ်ပေါ့၊ ကျဆုံးကတော့ ရဲဘော်ပါ၊ ကျန်တဲ့ဟာတွေက အကုန်လုံးက ပြည်သူဗျ၊ နာရေးကတော့ ဒီမနက် (အောက်တိုဘာ ၁၅) လုပ်ပြီးသွားပြီ။”လို့ ဘော်ပြင်းဒေသခံတဦးက ပြောပါတယ်။

အသက် ၃၀ ကျော် ရဲဘော် ၁ ဦး၊ အသက် ၄၀ ကျော် ရဲဘော်တဦး ကျဆုံးခဲ့တာဖြစ်ပြီး အသက် ၆၀ကျော် အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ ကျော် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ် ၁၀ လုံးထပ်မနည်းလည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မဖော်ပြနိုင်သေးဘူးလို့ ဆိုပါတယ်။ 

ဂန့်ဂေါမှာ ဘူးလက်လှဆွေ ရောက်ရှိနေတဲ့အတွက် ယောနယ်တဝိုက်ကို လေကြောင်းစစ်ဆင်ရေးတွေ ခပ်စိတ်စိတ်ပြုလုပ်နေတာဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးဘူးလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကလည်း ဆောမြို့နယ်၊ ပန်းဆန်ကျေးရွာနဲ့ ထီးလင်းမြို့နယ်၊ ကျင်းမြောက်ရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၇ ဦး သေဆုံးကာ ၁၄ ဦးကျော် ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

ပုံစာ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် လာပို့နှင့် ဘော်ပြင်းရွာက နေအိမ်တချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #လေကြောင်းတိုက်ခိုက်မှု #PDF #ဒေသခံ #ထိခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10