ဂန့်ဂေါမှာ ပျူတွေဖမ်းသွားတဲ့ သံဃာတပါးကို ၂ ပတ်ကျာ်အကြာမှာ အရိုးတွေသာ ပြန်တွေ့

ဂန့်ဂေါမှာ ပျူတွေဖမ်းသွားတဲ့ သံဃာတပါးကို ၂ ပတ်ကျာ်အကြာမှာ အရိုးတွေသာ ပြန်တွေ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောရကျောင်းတကျောင်းမှာ အစောင့်အဖြစ်နေထိုင်တဲ့ သံဃာတပါးကို ပျူစောထီးတွေက ဖမ်းဆီးသွားခဲ့ပြီးနောက် ၁၇ ရက်အကြာမှာ အရိုးအပိုင်းအစတွေကိုသာ ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာအနီးက တောရကျောင်းမှာ တပါးတည်းကျောင်းစောင့်နေတဲ့ သက်တော် ၄၀ နှစ်အရွယ် ကိုရင်ကြီး (ခေါ်) ခေါင်းပြားကို စက်တင်ဘာ ၁၁ ရက် ည ၈နာရီမှာ ကုက္ကားကျေးရွာက ပျူစောထီး အင်အား ၅၀ ခန့်က ဖမ်းဆီးခေါ် ဆောင်သွားခဲ့တာဖြစ်ပါတယ်။ 

ကုက္ကားကျေးရွာဟာ ဟံသာဝတီကျေးရွာနဲ့ ၂ မိုင်ခန့်အကွာအဝေးမှာရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိကာ စစ်တပ်ထောက်ခံသူနဲ့ ပျူစောထီးအားကောင်းတဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

တောရဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတော်က မနေရဲလို့ တိမ်းရှောင်နေချိန်မှာ ကျောင်းမှာကျန်ခဲ့တဲ့ ဆရာတော်ကြီးရဲ့ကားကို ပျူစောထီးတွေက လာယူချိန် ကျောင်းစောင့်ကိုရင်ကြီးကို အခုလို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ 

"သူတို့လာဖမ်းတဲ့အချိန်မှာ ရွာသားတွေက မြင်ကြ၊ သိကြပေမယ့် ဘာမှမလုပ်ဝံ့ကြဘူးလေ" လို့ ဟံသာဝတီကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။ 

စက်တင်ဘာ ၁၁ ရက် ညကတည်းကနေ ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရတဲ့ ကိုရင်းကြီးကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီကျော်မှာ ကျေးရွာသားတွေက ကုက္ကားကျေးရွာရဲ့ တောင်ဘက် ၁ မိုင်ခန့်အကွာ တောစပ်မှာ တွေ့ခဲ့တာဖြစ်ပါတယ်။  

ကိုရင်ကြီးကို မီးရှို့ထားတဲ့ လက္ခဏာကိုတွေ့ရပြီး အဲ့ဒီအနီးပတ်ဝန်းကျင်မှာ ကျောရိုးအစိတ်အပိုင်း၊ ဦးခေါင်း အစိတ်အပိုင်း၊ မီးလောင်ခံထားရတဲ့သင်္ကန်းနဲ့ ကိုရင်ကြီးစီးတဲ့ ဖိနပ်တရံကိုလည်း တွေ့ခဲ့ရတယ်လို့ ဟံသာဝတီ ကျေးရွာခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ ကုက္ကားကျေးရွာက ရွာခံတွေကို စစ်သင်တန်းပေး လက်နက်တပ်ဆင်ကာ ပျူစောထီးတပ်ဖွဲ့ စည်းပေးထားတာဖြစ်ပါတယ်။ 

လက်နက်ကိုင်ပျူစောထီးတွေက ဟံသာဝတီရွာအပါအဝင် အဲဒီဒေသအနီးဝန်းကျင်က ကျေးရွာတွေကိုလည်း ဝင်ရောက်ဓားပြတိုက် ပစ္စည်းလုယက်တာတွေ မကြာခဏဆိုသလို လုပ်ဆောင်နေကြတာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #တောရကျောင်း #သံဃာ #မီးရှို့ #ပျူစောထီး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10