ဂိတ်အသစ်ချဖို့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ်ကြီး ၁ ဦးပါ ၆ ဦး သေဆုံးဟုဆို

ဂိတ်အသစ်ချဖို့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ်ကြီး ၁ ဦးပါ ၆ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်မှာ စစ်ဆေးရေးဂိတ်အသစ်ချဖို့ လာကြတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီလ ၆ ရက်မနေ့ကမနက် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခံရတာကြောင့် သုံးပွင့်ဗိုလ်ကြီး တဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်ကနေ အင်အား ၃၀ ခန့်နဲ့လာချိန် ခရိုင်ဆည်မြောင်းရုံးနဲ့ သစ်တောရုံးကြားကိုအရောက်မှာ အသင့်ထောင်ထားတဲ့မိုင်း ၆ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ကလေးမြို့ မြို့ပြ စီမံချက် UG တပ်ရင်းဦးဆောင်သူ ကိုရန်မင်းနိုင်က ပြောပါတယ်။

"မိုင်း ၆ လုံးကို ၄ လုံး တနေရာ၊ ၂ လုံး တနေရာစီခွဲပြီး ထောင်ထားတာ။ အဲဒီနေရာ ၂ ခုက ၆၀ ကိုက်လောက် ကွာတယ်။ ကျနော်တို့ ဖောက်ခွဲလိုက်တဲ့အခါ ၄ လုံး ထောင်ထားတဲ့နေရာမှာ စကစ ၃ ကောင် သေတယ်။၂ ကောင် ဒဏ်ရာရတယ်။ ၂ လုံးနေရာမှာတော့ သုံးပွင့်ဗိုလ်ကြီးတကောင်နဲ့ တပ်သား၂ ကောင် သေတယ်" လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးချိန် ၄ လုံးတွဲ ထောင်ထားတဲ့နေရာမှာ စစ်ကောင်စီတပ်သား ၃ ဦး သေပြီး ၂ ဦး ဒဏ်ရာရတာကို မျက်မြင်တွေ့ခဲ့ရပေမယ့် မိုင်း၂ လုံးတွဲနေရာမှာ သုံးပွင့်ဗိုလ်ကြီးတဦးအပါ တပ်သား ၂ ဦးသေတာကိုတော့ ယုံကြည်စိတ်ချရတဲ့ ဖရဲသီးက သတင်းပေးလာတာကြောင့် အတည်ပြုနိုင်ခဲ့တာလို့ ကိုရန်မင်းနိုင်က ဆက်ပြောပါတယ်။

"ကျနော်တို့က မိုင်းဆွဲပြီးတဲ့အခါမှာ တနေရာကိုပဲ စစ်ဆေးနိုင်ခဲ့တယ်။ စကစတွေ ထပ်ရောက်လာတာမြင်လို့ ပြန်ဆုတ်ခဲ့ရတယ်။ ဗိုလ်ကြီးနဲ့ နောက်ထပ်၂ ကောင်သေတာကို မသိခဲ့ရဘူး။ ဒီနေ့မှာတော့ သူတို့ ၃ ကောင် ထပ်သေတာကို တပ်တွင်းဖရဲသီးက ခိုင်ခိုင်မာမာပြောလာလို့ အတည်ပြုခဲ့တာပါ" လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ဆည်မြောင်းရုံးအနီးက ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို စစ်ဆေးမေးမြန်နိုင်ဖို့အတွက် ဂိတ်အသစ်ချဖို့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် တိုက်ခိုက်ခံရပြီးနောက် ပြန်လည်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၃ ရက်မှာလည်း စစ်ကောင်စီလက်အောက်ခံ ခရိုင်ဆည်မြောင်ရုံးထဲမှာ မိုင်း ၃ လုံးခွဲခဲ့တဲ့အပြင် ရုံးအပြင်မှာရပ်ထားတဲ့ ဘက်ဟိုးတစီးကိုလည်း မီးရှို့ခဲ့တယ်လို့ God of Empire ရဲ့ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောဆိုထားပါတယ်။

ပုံစာ − စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရသူတွေကို သယ်ဆောင်သွားစဥ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10