ဂုတ်တွင်းလမ်းပိုင်းမှာ စစ်တပ်ယာဉ်တိုက်ခိုက်ခံရလို့ သေဆုံးသူတွေထဲ ရေတာရှည်ဇာတိ ဗိုလ်ဟိန်းဇာနည် ပါဝင်

ဂုတ်တွင်းလမ်းပိုင်းမှာ စစ်တပ်ယာဉ်တိုက်ခိုက်ခံရလို့ သေဆုံးသူတွေထဲ ရေတာရှည်ဇာတိ ဗိုလ်ဟိန်းဇာနည် ပါဝင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းလမ်းပိုင်း စစ်တပ်ယာဉ်ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ နောင်ချိုမြို့အခြေစိုက် ခမရ ၁၁၅ တပ်ရင်းက ဗိုလ်ဟိန်းဇာနည် သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဗိုလ် ဟိန်းဇာနည်ဟာ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ငါးကြီးကွေ့ကျေးရွာဇာတိ အသက် ၂၃ နှစ်အရွယ် DSA အပတ်စဉ် ၆၂ ဆင်းဖြစ်ပြီး သူလိုက်ပါလာတဲ့ ခမရ ၁၁၅  စစ်တပ်ယာဉ်ကို ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့လည်ပိုင်းက နောင်ချိုနဲ့ ကျောက်မဲမြို့နယ်အကြား ဂုတ်တွင်းလမ်းပိုင်းကို ဖြတ်သန်းချိန် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“သူက ရေတာရှည်ဇာတိပေမယ့် နောင်ချိုမှာ တာဝန်ကျနေတာ။ မိသားစုတွေက ရေတာရှည်မှာပဲ။ ခုသူ့အိမ်က ဆွမ်းသွပ်ဖို့လုပ်နေတယ်လို့တော့ ကြားတယ်။ ဒီဘက်မှာက ကြီးကြီးကျယ်ကျယ်တော့ မလုပ်ကြဘူး။ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားပို့တာလောက်တော့ လုပ်မယ်ကြားတယ်။”လို့ ရေတာရှည်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဩဂုတ်လ ၄ရက် မနေ့ နေ့လည် ၁၂နာရီခွဲလောက်က ကျောက်မဲမြို့နယ်အတွင်း ဂုတ်တွင်းလမ်းပိုင်းမှာ ခမရ ၁၁၄နဲ့ ခမရ ၁၁၅က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုများကာ စစ်ကားလည်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

DSA အပတ်စဉ် ၆၂ ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလက သင်တန်းဆင်းလာတဲ့ ဗိုလ်လောင်းအပတ်စဉ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကမှ ၂ ပွင့် ဗိုလ်အဆင့်ရရှိတာဖြစ်ကာ သင်တန်းဆင်းပြီး ၂ နှစ်ကျော်အကြာမှာပဲ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အကြား စစ်ကောင်စီတပ်က စစ်အင်အားတိုးမြှင့်နေပြီး စစ်ရေးတင်းမာနေကာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကောင်စီတပ် #ပစ်ခတ်ခံရမှု  #အရာရှိ #သေဆုံးမှု #ခမရ၁၁၅

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10