ဂေါကြီးရွာက ဒေသခံ ၅၀ ခန့်ကို ဖမ်းထားပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာထဲတပ်စွဲထား

ဂေါကြီးရွာက ဒေသခံ ၅၀ ခန့်ကို ဖမ်းထားပြီး စစ်ကောင်စီတပ်ဘက်က ကျေးရွာထဲတပ်စွဲထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဂေါကြီးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ဒေသခံ ၅၀ ခန့်ကို ဖမ်းထားကာ ကျေးရွာထဲတပ်စွဲထားတယ်လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူထံက သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနက် ၆ နာရီခန့်မှာ စစ်ကောင်စီတပ်ဘက်က အင်အား ၁၅၀ ခန့်ဟာ ဖောကား ၅ စီး၊ အိမ်စီးကား ၂ စီးနဲ့ ကျေးရွာထဲဝင်ရောက်လာပြီး ကျေးရွာကိုဝင်စီးကာ ထွက်မပြေးနိုင်တဲ့ဒေသခံတွေကို ဖမ်းဆီးထားခဲ့တယ်လို့ ဆိုပါတယ်။

"အရပ်ဝတ်တွေနဲ့ လာတာ။ ဒီကာလကလည်း ကြက်သွန်စိုက်ရာသီဆိုတော့ ရွာခံတွေကလည်း ကြက်သွန်စိုက်သမားတွေ သူတို့ရွာကို ဖြတ်သွားတယ်ထင်ပြီး မပြေးကြတာမှာ ဝင်စီးခံလိုက်ရတာ။ "လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေက ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေနဲ့ လူငယ်၊ လူလတ်ပိုင်း ၅၀ ခန့်ပါဝင်ပြီး ကျေးရွာထဲ စစ်ကောင်စီရှိသေးလို့ ဘယ်သူတွေအဖမ်းခံရတယ်ဆိုတာ အသေးစိတ်မစိစစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

"စစ်ကြောင်းလာတာ မသိဘူး။ ဗြုန်းကနဲရောက်လာပြီးမှ ဖမ်းတာဆိုတော့ လူတွေက ပြေးမခင်ဘဲ အဖမ်းခံလိုက်ရတာ။ သက်ကြီးပိုင်းတွေများတယ်။"လို့ အထက်ပါ ပကဖတာဝန်ရှိသူက ဆက်ပြောပါတယ်။

ကျေးရွာထဲရောက်နေတဲ့ စစ်ကောင်စီအဖွဲ့ဟာ ပြည်သူတွေနေအိမ်က တန်ဖိုးရှိပစ္စည်းတွေရှာဖွေယူနေတာရှိပေမယ့် ဒီဇင်ဘာ ၁၆ ရက်ညနေပိုင်းထိတော့ နေအိမ်တွေမီးရှို့တာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ စစ်ကောင်စီတပ်သား ၅၀ လောက်ဟာ ကျေးရွာအရှေ့ဘက်ဘုန်းကြီးကျောင်းထဲမှာ ဒီဇင်ဘာ ၁၆ ရက်ညနေပိုင်းထိ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။

ကျန်စစ်ကောင်စီအင်အားတွေကတော့ ဂေါကြီးနဲ့ ဘူးတောင်းကန်ရွာကြား နို့ဆီကုန်းကျေးရွာအနီးဝန်းကျင်မှာ ကင်းပုန်းဝပ် အင်အားဖြန့်ခွဲနေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၆ ရက်မနက်ပိုင်းမှာ ကျောက်ဆစ်ပုံ အမြောက်တပ်ဘက်က ထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီစစ်ကြောင်း ၁ ကြောင်းကလည်း ရွှေပန်းခိုင်တောကို ဝင်လာနေပြီး ဘူးတောင်းကန်ရွာဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။

ဂေါကြီးရွာက အိမ်​ခြေ ၃၀၀ ကျော် လူဦးရေ ၁,၀၀၀ ကျော်ရှိတဲ့ရွာဖြစ်ပြီး စစ်ကြောင်းဝင်ရောက်နေလို့ ဖမ်းဆီးခံထားရသူကလွဲပြီး ကျန်ရွာခံအားလုံးက ဘေးလွတ်ရာကိုထွက်ပြေးနေရသလို ဂေါကြီးရွာနဲ့အနီးဝန်းကျင်ဖြစ်တဲ့ တိုးစီကုန်း၊ မရိုးတော၊ အိုးကုန်း၊ မြင်းစီးလောင်၊ ဘူးတောင်းကန်နဲ့ ရွာသစ်ကျေးရွာတွေက ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်လို့ မုံရွာမြို့နယ် ပကဖဆီက သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မုံရွာ #ဂေါကြီးရွာ #စစ်ကြောင်းထိုး #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10