ဂျုံရောင်းသွားတဲ့ အမျိုးသား ၅ ဦးကို PDF ဆိုပြီး စစ်ကောင်စီဖမ်းဆီးထား

ဂျုံရောင်းသွားတဲ့ အမျိုးသား ၅ ဦးကို PDF ဆိုပြီး စစ်ကောင်စီဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ထူးနီကျေးရွာကနေ ချောင်းဦးမြို့ပေါ်ကို ဂျုံရောင်းသွားတဲ့ အမျိုးသား ၅ ဦးကို PDF တွေဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့လယ်ပိုင်းမှာ ထူးနီရွာသားတွေဖြစ်တဲ့ ကိုကျောက်ခဲ၊ ကိုမြတ်ဖြိုးရွှေ၊ ကိုအာနိုး၊ ကိုလှတိုး၊ ကိုကျော်ဇင်ထွန်းတို့ ၅ ဦးဟာ ချောင်းဦးမြို့ပေါ်က နဂါးနီပွဲရုံမှာ ဂျုံရောင်းနေချိန် စစ်ကောင်စီတပ်တွေက ဝင်ဖမ်းသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

"သူတို့ယာခင်းကထွက်တဲ့ ဂျုံတွေကို သွားရောင်းတာ။ ထော်လာဂျီ ၂ စီးနဲ့။ ပွဲရုံရောက်တော့ ဂျုံဖိုးငွေချေနေတဲ့အချိန်မှာပဲ စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီး PDF တွေပိုင်တဲ့ ဂျုံတွေဆိုပြီး သူတို့ကို ဖမ်းသွားတာ။ ကျနော်တို့ဘက်မှာက ဘယ် PDF မှ မရှိဘူး" လို့ ပြောပါတယ်။

ထူးနီရွာသား ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးချိန်မှာ ဂျုံရောင်းရငွေ ကျပ်သိန်း ၁၀၀ ကျော်နဲ့ ထော်လာဂျီ ၂ စီးကိုပါ သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား ၅ ဦးကို ချောင်းဦးမြို့အနီးက စစ်ကောင်စီတပ်စွဲထားတဲ့နေရာမှာ ဖမ်းဆီးထားပြီး၊ အဲ့ဒီထဲက ကိုမြတ်ဖြိုးရွှေကိုတော့ ရိုက်နှက်ထားတယ်လို့ သိရကာ ဖေဖော်ဝါရီလ ၁၈ ရက်ဒီကနေ့အထိ ပြန်မလွတ်လာသေးတာကြောင့် မိသားစုဝင်တွေက စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့ ၆ လလောက်ကလည်း ထူးနီရွာသား ၂ ဦးဟာ ချောင်းဦးမြို့ပေါ်မှာ ကွမ်းရောင်းဖို့သွားချိန် စစ်ကောင်စီအဖွဲ့ရဲ့ဖမ်းဆီးတာကို ခံရပြီး ဒီနေ့အထိ ပြန်လွတ်မလာသေးသလို ထောင်ချခံရတာလည်း မရှိသေးဘဲ ချောင်းဦးရဲစခန်းမှာပဲ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10