ဂျူတီချိန်းဖို့လာတဲ့ စစ်ကားပစ်ခတ်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ ၃ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအနီးက ရေစက်ကနေ ဂျူတီချိန်းဖို့ပြန်လာတဲ့ စစ်အုပ်စုကားကို ကိုင်းတောမရွာနဲ့ စက်မှု ၂ အကြား ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက  စက်တင်ဘာ ၃ ရက်မှာ အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myaing Under Ground Defence Force အဖွဲ့ဆီက သိရပါတယ်။

"ကိုင်းတောမနဲ့ မြိုင်စက်မှု ၂ အကြားမှာ မနေ့ကသွားပစ်တာ။ ဗိုလ်ကြီး ၁ ကောင်နဲ့ ၂ ကောင်သေတယ်။ ၅ ကောင်ဒဏ်ရာရတယ်။ ကျနော်တို့လည်း ဖရဲသီးသတင်းပေးလို့ သိရတာ။ ပစ်ခတ်ခံရပြီး စက်မှု ၂ ထဲကို ပြန်ဝင်သွားတယ်"လို့ Myaing Under Ground Defence Force တာဝန်ခံက ပြောပါတယ်။

အင်အား ၃၀ ဝန်းကျင်ပါတဲ့ အဲ့ဒီကားကို စက်တင်ဘာ ၃ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးပူးပေါင်းအဖွဲ့ထဲ အနောက်လွင်ပြင်-LDF တာဝန်ခံ ကိုတေဇက ပြောပါတယ်။

"ကျနော်တို့က လက်နက်ငယ်တွေနဲ့ ၂ မိနစ်လောက် ပစ်ခတ်ခဲ့နိုင်တယ်၊ ထိခိုက်တာတော့ ရှိမယ်၊ ကျနော်တို့က ကားကိုတည်ပစ်ခဲ့တာ"လို့ ကိုတေဇေက ပြောပါတယ်။

အဲ့ဒီအင်အား ၃၀ ပါလာတဲ့ စစ်ကားဟာ ပစ်ခတ်ခံရပြီး မြိုင်မြို့နယ်အတွင်းရှိ စက်မှု -၂ စကစ (စက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ)ကို ပြန်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Myaing Under Ground Defence Force၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ ရင်း၃ ခွဲ၁)၊ Cobra တပ်ဖွဲ့ (မြိုင်)၊ ဂဠုန်တပ်ဖွဲ့ (မြိုင်ပကဖ ရင်း ၁ ခွဲ ၂)၊ အနောက်လွင်ပြင်-LDF၊ Myaing Under Ground Defence Force (MUGDF)၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ တပ်ရင်း ၃၊ တပ်ခွဲ ၁) နှင့် Cobra ပြောက်ကျားတပ်ဖွဲ့ (မြိုင်) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်ကလည်း ပေါက်ကနေ ပခုက္ကူဘက်ကိုထွက်လာတဲ့ စစ်ကား ၈၀ ကျော်ကို လုံခြုံရေးပေးတဲ့ စစ်ကြောင်းကို အနောက်လွင်ပြင်-LDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးကျော်ဒဏ်ရာရခဲ့ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #ကိုင်းတောမ #စစ်ကား #တိုက်ခိုက်ခံရ #စစ်ကား #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10