ငဖဲမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ဦးနီးပါး သေဆုံး

ငဖဲမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ဦးနီးပါး သေဆုံး

မကွေးတိုင်း ငဖဲမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ PRA မကွေးတို့ ထိတွေတိုက်ပွဲဖြစ်ပွားပြီး မိုင်းကွင်းထဲဝင်သွားတဲ့ စစ်အုပ်စု ၂၀ နီးပါးသေဆုံးခဲ့တယ်လို့ People's Revolution Alliance အဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၃ရက်ကတည်းက စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေရဲ့ သတင်းကိုကြိုသိထားလို့ ပြင်ဆင်မှုတွေလုပ်ထားခဲ့ပြီး ခုခံတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ PRA Magway စစ်ဦးစီးချုပ် ဟာကျူလီ က ပြောပါတယ်။ 

" ကျနော်တို့ မျှော်မှန်းထားသလိုပဲ ပြင်ဆင်ထားတဲ့ နေရာကို ရောက်တဲ့အချိန်မှာ ကနဦး မိုင်းဆွဲတိုက်ခိုက်ပြီးတော့ လက်နက်ငယ်တွေနဲ့ အပြန်အလှန်တိုက်ခိုက်ခဲ့ပါတယ်" လို့ ဟာကျူလီက ပြောပါတယ်။

ကြိုတင်ပြင်ဆင်မှုအပြင် မြေပြင်အနေအထားအရ အင်အား ၆၀၀ နီးပါးရှိတဲ့ စစ်ကြောင်းကို ခုခံချေမှုန်းထားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

 " မှောက်ပြီးတော့ လုံးဝကို ပြန်မထနိုင်တာ ကျနော်တို့ရေတွက်ကြည့်တာ အယောက် ၂၀ ရှိပါတယ် ၊ ဒါပေမယ့် သူတို့ဘက်က အင်အားများတော့ ကာပစ် ပစ်ပြီး အလောင်းတွေကို ခြေထောက်ကနေ ဆွဲတာတွေ လက်ကဆွဲတာတွေ ရရာဆွဲပြီး အလောင်းတွေ ပြန်ကောက်သွားပါတယ်၊ တိုက်ပွဲက တော်တော်လေး ပြင်းထန်ပါတယ်၊ မိုင်းကွင်းထဲကို တည့်တည့်ကျသွားတာဆိုတော့ သူတို့ လုံးဝကို မလှုပ်တော့ပါဘူး၊ ကျဖို့ရာခိုင်နှုန်းအရမ်းများပါတယ် " လို့ PRA Magway စစ်ဦးစီးချုပ် ဟာကျူလီ က ပြောပါတယ်။

တိုက်ပွဲတွင်းမှာ PDF ဘက်က ရဲဘော် ၂ဦး လက်နက်ကြီး အစထိမှန်ပြီး ဒဏ်ရာအသေးစား ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေပြီး စစ်ကောင်စီဘက်ကလည်း နောက်ထပ်စစ်အင်အားတွေ ထပ်ဖြည့်နေတယ်လို့ သိရပါတယ်။

" စစ်ခွေးတွေကတော့ အင်အားတွေထပ်ပြီးတိုးချဲ့ပြီးတော့ ကျနော်တို့ကို အပြတ်ချေမှုန်းဖို့ ပြင်ဆင်နေပါတယ်" လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာက ငဖဲမြို့အနောက်ဘက် ၁၆မိုင်အကွာ ရေယာဥ်တောင်ကြောမှာ ၂ကြိမ်တိုက်ပွဲဖြစ်ခဲ့တာပါ၊ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို အချိန်မီသတင်းပေးနိုင်ဖို့ ကိုလည်း ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10