ငါန်းဇွန်က အမျိုးသား ၅၀ ကျော်ကို စစ်တပ်က အစာရေစာမကျွေးဘဲ ရိုက်နှက်စစ်ဆေးနေ

ငါန်းဇွန်က အမျိုးသား ၅၀ ကျော်ကို စစ်တပ်က အစာရေစာမကျွေးဘဲ ရိုက်နှက်စစ်ဆေးနေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သကျင်ကျေးရွာက အမျိုးသား ၅၀ ဦးကျော်ကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၃ ရက် မနက် ၆ နာရီကျော်လောက်မှာ ဖမ်းဆီးသွားပြီး အစာရေစာမကျွေးဘဲ ရိုက်နှက်စစ်ဆေးနေတယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သကျင်ရွာ ဘုန်းကြီးကျောင်းထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက အသက် ၃၀ နဲ့ ၄၀ အရွယ် အမျိုးသား ၅၀ ကျော်ကို စက်တင်ဘာ ၄ ရက် ဒီနေ့အထိ ပြန်မလွှတ်သေးဘဲ ရိုက်နှက်စစ်ဆေးနေတာလို့ ဆိုပါတယ်။

"အိမ်ထဲကို ဝင်ပြီးဖမ်းတာ။ အကုန်လုံး အမျိုးသားချည်းပဲ။ သူတို့ကို ရေမတိုက်၊ ထမင်းမကျွေးဘဲ နှိပ်စက်ပြီးတော့ စစ်ဆေးနေတယ်လို့ သိရတယ်။ ရွာထဲက တချို့အမျိုးသား၊ အမျိုးသမီးတွေဆိုလည်း ထွက်ပြေးနေကြရတယ်ဗျ" လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

စက်တင်ဘာ ၁ ရက်မှာ သကျင်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ငါန်းဇွန်မြို့နယ် ပကဖအပါအဝင် ကာကွယ်ရေး ၇ ဖွဲ့တို့က ဒရုန်း ၁ စီးသုံးပြီး ဗုံးသီး ၇ လုံးချ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေပြီး အရာရှိ ၁ ဦးဒဏ်ရာရရှိခဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ရွာထဲမှာ သတင်းပေးရှိတယ်ဆိုကာ အခုလိုမျိုး ဖမ်းဆီးစစ်ဆေးနေတာဖြစ်နိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ခန့်မှန်းပါတယ်။ 

အလားတူ သကျင်ကျေးရွာနဲ့ ၄ မိုင်အကွာရှိ စစ်ကောင်စီအထိုင်ချတပ်စွဲထားတဲ့ နတ်ကြီးကျေးရွာမှာလည်း အမျိုးသား ၁ ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက မနေ့ကဖမ်းဆီးပြီး သကျင်ရွာကို လွှဲပြောင်းစစ်ဆေးတာတွေလုပ်ကာ ဒီနေ့မနက်မှ ပြန်လွှတ်ပေးလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ သကျင်ရွာက စစ်ကောင်စီတပ်သားတွေဟာ လူခွဲပြီး သကျင်ကျေးရွာနဲ့ ၁ မိုင်ဝေးတဲ့ သန့်ဇင်ကုန်းရွာအပါအဝင် နောက်ထပ်ကျေးရွာ ၃ ရွာကိုပါ စစ်ကြောင်းထိုးပြီး အမျိုးသားတွေကို လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #စစ်ကောင်စီ #ဒေသခံအမျိုးသား #ဖမ်းဆီး #သတင်း #နှိပ်စက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10