ငါန်းဇွန်က ပျူစောထီးဆိုသူ ၃ ဦး ရှင်းလင်းခံရ

ငါန်းဇွန်က ပျူစောထီးဆိုသူ ၃ ဦး ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအမျိုးသား ၃ ဦးကို စက်တင်ဘာ ၂ ရက်ည ၇ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ 

အသတ်ခံရသူ ၃ ဦးမှာ ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာက အသက် ၃၀ ကျော်အရွယ် ကိုမိုးမိုး၊ ကိုရွှေညောင်နဲ့ အမည်မသိရသေးတဲ့ အမျိုးသား ၁ ဦးတို့ဖြစ်ကြပြီး ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ အရက်ဆိုင်မှာ ဝိုင်းဖွဲ့သောက်နေချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့က ဖမ်းဆီးတာ။ အဲ့ဒီအချိန်မှာ ဓားနဲ့ ပြန်တိုက်ခိုက်လို့ ပစ်သတ်ခဲ့ရတာ။ နေရာမှာတင် ပွဲချင်းပြီး သေသွားကြတယ်။ မိုးမိုးက ပျူခေါင်းဆောင်။ ကျန် ၂ ကောင်က အဖွဲ့ဝင် နောက်လိုက်တွေ"လို့ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီရှင်းလင်းမှုကို ငါန်းဇွန်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့နဲ့ TGYR-Youth Guerrilla Counter Revolution-NZအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး သူတို့ ၃ ဦးဆီက လက်ပစ်ဗုံးသီး ၁ လုံး၊ ဓားမ ၁ ချောင်းနဲ့ လေးဂွ ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဒါ့အပြင် ပျူစောထီးခေါင်းဆောင် မိုးမိုးဟာ သန့်ဇင်ကုန်းကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သန်းဇော်လင်းရဲ့ ညီအရင်းဖြစ်သလို ကျေးရွာအနီးရှိ ကားလမ်းမကိုဖြတ်သွားတဲ့ ကား၊ ဆိုင်ကယ်တွေကိုတားဆီးပြီး ပိုက်ဆံတောင်းနေတဲ့အပြင် စစ်ကောင်စီအလိုကျ ပြုမူလုပ်ဆောင်နေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်မှာလည်း ငါန်းဇွန်မြို့နယ်၊ ဖောင်းကတောကျေးရွာက ပျူစောထီးခေါင်းဆောင် ကိုငမိုးနဲ့ အဖွဲ့ဝင် ကိုလှဟန်၊ ကိုနွဲ့ဆိုး၊ ကိုအံ့ကျော်၊ ကိုလှဆန်းတို့ ရွာထဲအစည်းအဝေးလုပ်နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ရှင်းလင်း ခဲ့ရာ ၅ ဦးစလုံး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #ပျူစောထီး #ရှင်းလင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10