ငါန်းဇွန်ဒေသခံ ၆၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေ

ငါန်းဇွန်ဒေသခံ ၆၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကျေးရွာ ၂ ရွာက ဒေသခံ ၆၁ ဦးကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၁၁ ရက်မနက်ပိုင်းကနေ ည ၅ နာရီကျော်အထိ လိုက်လံဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ ငါန်းဇွန်မြို့နယ်ပကဖက ပြောပါတယ်။

အဖမ်းခံရသူတွေမှာ လက်ပံသာကျေးရွာက အမျိုးသား အမျိုးသမီး ၅၇ ဦးနဲ့ အောင်သုခကျေးရွာက ၄ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို စစ်ကောင်စီတပ်က လက်ပံသာရွာ ဘုန်းတော်ကြီးကျောင်းထဲမှာ ညအိပ်ပြီး စစ်ဆေးနေတာလို့ ဆိုပါတယ်။

"အဖမ်းခံရတဲ့လူတွေအကုန်လုံးကို လက်ပြန်ကြိုးတုတ်ပြီးတော့ ဖမ်းတာ။ စက်တင်ဘာ ၁၂ ရက်ဒီနေ့အထိ တယောက်မှပြန်မလွတ်ကြသေးဘူး"လို့ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သားကျင်ကျေးရွာ အထိုင်ချစခန်းကနေ စစ်ကောင်စီတပ်သား ၁၀၀ လောက်က လက်ပံသာ၊ အောင်သုခ၊ ရက္ခဒီပ၊ လင်္ကာဒီပ စတဲ့ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကြောင်းထိုးပြီး ဖမ်းဆီးခဲ့တာလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

"ရက္ခဒီပနဲ့ လင်္ကာဒီပက ဒေသခံတွေက ရှောင်တိမ်းတာမြန်လို့ အဖမ်းမခံလိုက်ရတာ"လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က အခုလိုစစ်ကြောင်းထိုး ဖမ်းဆီးနေတာကြောင့် အောင်သုခ၊ ရက္ခဒီပ ၊လင်္ကာဒီပ၊ ရေလည်သောင်၊ လက်ပံသာ၊ အောင်သာမြောက်ကျွန်း၊ ကံသာ စတဲ့ကျေးရွာတွေက ဒေသခံ ၂၀၀၀ နီးပါး ဘေးလွတ်ရာမြို့နယ်ဘက်တွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်မှာလည်း သားကျင်ကျေးရွာထဲကို အထိုင်ချတပ်စွဲဖို့လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ကျော်က အသက် ၃၀ ကျော်အရွယ် အမျိုးသား ၅၀ ကျော်ကို ဖမ်းဆီးရိုက်နှက်ကာ အစာရေစာမကျွေးဘဲ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ငါန်းဇွန် #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10