ငါန်းဇွန်ပကဖစခန်း စီးနင်းခံရလို့ ရဲဘော် ၁၂ ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းခံရ

ငါန်းဇွန်ပကဖစခန်း စီးနင်းခံရလို့ ရဲဘော် ၁၂ ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာမှာရှိတဲ့ ငါန်းဇွန်ပကဖစခန်း စီးနင်းခံလိုက်ရပြီး ရဲဘော် ၁၂ ဦးသေဆုံးကာ လက်နက်ခဲယမ်းအများအပြားဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

 ဇွန်လ ၂၅ ရက် ဒီကနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခံခဲ့ရတာဖြစ်ပြီး၊ မနေ့ညပိုင်းက တံတားဦးဘက်ကနေ ငါန်းဇွန်မြို့နယ်ကို စစ်ကား ၆ စီးနဲ့ အင်အားအများပြားဝင်ရောက်လာတယ်လို့ သတင်းကြားရပြီးနောက် အခုလို စီးနင်းခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကင်းတော်မှာ ငါန်းဇွန်ပကဖ စခန်းစီးခံရတာက ဟုတ်တယ်။ ငါန်းဇွန်ဘက်ကို စစ်ကောင်စီ အင်အား အလုံးရင်းနဲ့ဝင်လာတာကို သတင်းရတယ်။ အဲ့ဘက်ကိုလာမယ်ဆိုတာမထင်တာလားမသိဘူး။ ခုက ပျောက်နေတာတွေလည်းရှိတော့ သေချာမပြောနိုင်သေးဘူး။"လို့ မြင်းခြံဒေသခံတဦးက ပြောပါတယ်။

စခန်းစီးနင်းခံရလို့ ငါန်းဇွန်ပကဖ ရဲဘော် ၁၂ယောက်သေဆုံးကာ လက်နက်ငယ် ၁၂ လက်၊ ၄၀ မမ ဆုံလည်ဗုံးပစ်လောင်ချာ  ၁ လက်၊ ၁၀၇မမ ရှော့တိုက်ဒုံး၊ ၄၀ မမ ဗုံးသီး  အလုံး ၂၀၀ ဝန်းကျင် အပါအဝင် ကျည်ဆံခဲယမ်းအများအပြားဆုံးရှုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ 

“စခန်းက ငါန်းဇွန်နဲ့ မြစ်ပဲခြားတာ။ စစ်တပ်က သင်္ဘောကို ခပ်လှမ်းလှမ်းမှာကမ်းကပ်ပြီး တခါတည်း စစ်ကြောင်းထိုး စီးလိုက်ပုံရတယ်။ အဲ့နေရာက ကင်းကိုအပြည့်ဝမချနိုင်ရင် အဆင်မပြေတဲ့နေရာဘဲ။ စကစက ရဲဘော်အကုန်လုံးကို ပစ်သတ်ပြီးမှ တဲပေါ်ကိုတင်ထားတာ။ ခေါင်းပစ်ခံရတဲ့သူတွေက အရှင်မိတာ။ ကျန်တဲ့သူတွေက သူတို့(စကစ) အဝေးက ပစ်ထားတာတွေ”လို့  27 Revolutionအဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာအနီး PDF စခန်းကို စီးနင်းတိုက်ခိုက်ခဲ့လို့ PDF အလောင်း ၁၂ လောင်းနဲ့  အမ်-၂၂ သေနတ် ၁၂ လက်၊ ၄၀ မမ ဆုံလည် ၁ လက်၊ ၇၉ ဗုံးပစ်လောင်ချာ ၁ လက်၊ စနိုက်ပါ ၁ လက်၊ အမ်-၂၂ ကျည် ၄၉၅၀ တောင့်၊ ၇.၆၂ ကျည် ၅၉ တောင့်၊ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၂ လုံး၊ ၄၀ မမ ဗုံးသီး ၈၀ လုံး၊ ကျည်အိမ် ၃၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ပြောက် ကျားယူနီဖောင်း ၁၂ စုံ၊ အိုင်ကွန် ၁ လုံး၊ အိုင်ကွန် အထိုင်စက် ၁ စုံ၊ အီကွေ့မန့် ၃ စုံ သိမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇွန်လ ၂၀ ရက်ကလည်း ကင်းပုန်းနဲ့တိုးပြီး 27 Revolution အဖွဲ့က ၃ ဦး၊ နွားထိုးကြီး ရင်း-၈ က PDF ၂ ဦး သေဆုံးထားပြီး တလအတွင်း မြင်းခြံဒေသက ရဲဘော် ၁၇ ဦးအထိ သေဆုံး ထားတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ငါန်းဇွန် #ပကဖစခန်း #စီးနင်းခံရ #သေဆုံးမှု #လက်နက်ခဲယမ်း #ဆုံးရှုံးမှု #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10