ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိနဲ့ စားသုံးသူရေးရာဦးစီးမှူးတို့ သေနတ်ပစ်ခံရပြီးသေဆုံး

ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိနဲ့ စားသုံးသူရေးရာဦးစီးမှူးတို့ သေနတ်ပစ်ခံရပြီးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် လမ်းဦးစီးအရာရှိ(မြို့ပြ)နဲ့ စားသုံးသူရေးရာဦးစီးမှူး(ငြိမ်း)တို့ ၂ ဦး အောက်တိုဘာ ၂၄ ရက်နေ့လယ် ၃ နာရီကျော်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ လမ်းဦးစီးအရာရှိ ဦးဝင်းစန်းဦးနဲ့ စားသုံးသူရေးရာဦးစီးမှူး (အမည်မသိရ)တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ ကားနဲ့မြင်းခြံမြို့ကနေ ငါန်းဇွန်မြို့ကို ပြန်လာချိန် မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာအနီး ကားလမ်းကိုအရောက်မှာ ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။

"လမ်းမှာကာကွယ်ရေးအဖွဲ့တွေက ကားကိုစစ်ဆေးဖို့တားတဲ့အချိန်မှာ မရပ်ဘဲ မောင်းပြေးတယ်လို့ သိရတယ်။ အဲ့ဒီအချိန်မှာ ပစ်ခံရတာတဲ့။ ဘယ်အဖွဲ့ကလုပ်တာလည်းတော့ မသိရပါ"လို့ မြင်းခြံ PDF နဲ့ နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့  မြင်းခြံ ခရိုင်တပ်ရင်း ၄၊ ၃၊ ၈ တို့ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ရာ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ၎င်းတို့အနေနဲ့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ သေဆုံးသူ ၂ ဦးဟာ လမ်းဦးစီးဌာနနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို မြင်းခြံခရိုင်လမ်းဦးစီးဌာနဆီ အစစ်ဆေးခံပြီးပြန်လာချိန် ပစ်ခံရတာဖြစ်ပြီး လမ်းဦးစီးအရာရှိမှာ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ စားသုံးသူရေးရာဦးစီးမှူး (ငြိမ်း)မှာ သေနတ်ဒဏ်ရာ ၃ ချက် ရရှိသေဆုံးကာ ရုပ်အလောင်းကိုတော့ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၂၅ ရက်မှာလည်း မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာက ဦးလှနီ ၆၂ နှစ်နဲ့ သားဖြစ်သူ ကိုသိန်းဆွေဦး ၃၃ နှစ် (စိုက်ပျိုးရေးဦးစီး ဌာနမှဝန်ထမ်း CDM)တို့ကို လက်ပြန်ကြိုးတုတ်ပြီး အသတ်ခံထားရတဲ့ ရုပ်အလောင်းကို မြို့သာ-မြင်းခြံသွား လမ်းဘေးမှာ တွေ့ရှိခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #လမ်းဦးစီးအရာရှိ #စားသုံးသူရေးရာဦးစီးမှူး #ပစ်ခတ်ခံရ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10